(စ) မျိုးကောင်းမျိုးသန့်ဝက်သားပေါက်၊ကြက်သားပေါက်များထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်း ရှိ/မရှိနှင့် ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက် နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(စ)မြန်မာနိုင်ငံ မွေးမြူရေး လုပ်ကိုင်သူများအတွက် မျိုးကောင်းမျိုးသန့် ဝက်သားပေါက်၊ ကြက်သား ပေါက်များ ထုတ်လုပ်ဖြန့်ဖြူးမှုကို နိုင်ငံပိုင်ခြံများမှ ဆောင်ရွက်ပေးခြင်း ရှိ/မရှိနှင့် ယခုအခါ ကြက်/ဝက်သားပေါက်များ ထုတ်လုပ်မှု၊ မျိုးသန့်စင်မှုနှင့် ရောဂါကင်းစင်မှုတို့ကို မည်သို့ဆောင်ရွက် နေကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံမှာ မွေးမြူရေးနှင့်ပတ်သက်သည့် ကြက်သားပေါက်၊ ဝက်သားပေါက်များ ထုတ်လုပ်နေခြင်းနှင့် ပတ်သက်ပြီး မေးခွန်းအနည်းငယ် မေးမြန်း လိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်မွေးမြူရေးအတွက် ကြက်ငှက်တုပ်ကွေးရောဂါများ အကြီးအကျယ်ဖြစ်ပြီး မွေးမြူရေးဇုန်များတွင် သုတ်သင်ရှင်းလင်းရသည့် အဖြစ်ကြောင့် မိမိတို့ ရောဂါကင်းစင်သည့် ကြက်သားပေါက်များရရန် အခက်အခဲရှိနေပါကြောင်း၊။ ထို့အတူ ဝက်များတွင် ယခင်က ဝက်နားရွက်ပြာ ရောဂါ တော်တော်များများ အကြီးအကျယ် ဖြစ်ခဲ့ပါကြောင်း၊ လက်ရှိအားဖြင့် အာဖရိက ဝက်အပြင်းဖျား ရောဂါဟု ခေါ်သည့် African Swine Fever ရောဂါသည် တော်တော်များများ ဖြစ်ပွားလာပြီ ဖြစ်ပါကြောင်း၊ ၎င်းရောဂါသည် ၂၀၁၈ ခုနှစ် ဩဂုတ်လက  တရုတ်ပြည်တွင် စဖြစ်ခဲ့ပြီး Outbreak အကြီးအကျယ် ဖြစ်ပွားမှုပေါင်း ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဆယ်လအတွင်းတွင် ၃၂ မြို့နယ်ကို ကူးပြီး ဝက်ပေါင်း ၁.၁ သန်းကို သုတ်သင်ရှင်းလင်း ခဲ့ရပါကြောင်း၊ ထို့ကြောင့် FAO က ၎င်းရောဂါသည် မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများကို ကူးစက်လာလိမ့်မည်ဟု ကြိုတင် ပြောခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဩဂုတ်လက စတင်ခဲ့သည့် ၎င်းရောဂါသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရှမ်းပြည်က မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ ပန်ဆန်းစသည့် နေရာများတွင် အကြီးအကျယ် ဖြစ်ပွားနေပြီး ၎င်းဒေသမှ ထွက်သည့် ဝက်ပေါင်ခြောက်များ၊ ဝက်အူချောင်းများ စသည့် Products များ အားလုံးကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တင်သွင်းခွင့်များကို ပိတ်ပင်ထားခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၁ ရက်နေ့ သတင်းစာတွင် မြန်မာနိုင်ငံအစိုးရမှ ၎င်းရောဂါ အလွန် ဆိုးဆိုးရွားရွား ဖြစ်လာမည်ကို စိုးသည့်အတွက် ဇီဝလုံခြုံမှု ကိစ္စရပ်များကို ပြင်းပြင်းထန်ထန် လုပ်ပါဟု ကြေးမုံသတင်းစာတွင် ကြေညာသည်ကို တွေ့ပါကြောင်း၊ ထို့အတူ ၎င်းကြေးမုံသတင်းစာတွင် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ နယ်ခြားဒေသများ၊ နယ်ခြားဂိတ်များ International Airport များမှ ဝက်အရှင်နှင့် ဝက်မှလုပ်သည့် ပစ္စည်းများ တင်သွင်းခွင့်ကို ယာယီပိတ်ထားရန် မွေးမြူရေးဌာနကို ပန်ကြားခဲ့ပါကြောင်း၊ လက်ရှိတွင် ဝက်သားပေါက် ရရန်ခက်ကြောင်း၊ ကြက်သားပေါက်များ ရရန်ခက်နေသည့် အခြေအနေ ဖြစ်ကြောင်း၊ မိမိတို့ ယခင်က ရွာသာကြီး ကြက်ခြံမှ ကြက်ပေါက်များကို ရပါကြောင်း၊ အင်းတကော် ဝက်မွေးမြူရေးခြံက ဝက်သားပေါက်များ ရပါကြောင်း၊ ဝက်သားပေါက်၊ ကြက်သားပေါက်နှင့်ပတ်သက်ပြီး မေးခွန်း နှစ်ခု မေးလိုကြောင်း၊ နံပါတ်(၁)မေးခွန်း ယခင်က နိုင်ငံတော်ပိုင်ခြံများက ထုတ်သည့်အတိုင်း လက်ရှိတွင် ကြက်သားပေါက်၊ ဝက်သားပေါက်များကို ထုတ်လုပ်ပေးနေဆဲ ဖြစ်ပါသလား။ နံပါတ်(၂) မေးခွန်း ထိုကဲ့သို့ မထုတ်တော့ဘူးဆိုပါက ပြည်ပကထုတ်နေသည့် ဝက်သားပေါက်များ၊ ကြက်သား ပေါက်များ၏ မျိုးသန့်စင်မှုနှင့် ရောဂါသန့်စင်မှုများကို နိုင်ငံတော်က မည်ကဲ့သို့ ထိန်းချုပ်ကွပ်ကဲနေသည် ဆိုသည့် မေးခွန်းနှစ်ခုကို မေးမြန်းပါသည်။