(ခ)မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ် မြို့ပတ်လမ်းတွင် တည်ရှိခဲ့သော ရေထိန်းကန် (ရွှေလက်ပံ)ရေကန် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မကွေးမြို့ပတ်လမ်း၏ ဝဲ/ယာတွင် ရှိသည့် မြေဝိုင်း၊ အိမ်ဝိုင်းများသည် အလွန် ဈေးကောင်းပါကြောင်း၊ တစ်ချိန်က နှစ်ပေါင်းများစွာက လက်ပံရိုးချောင်းကို ရေထိန်းကန် လုပ်ထားသည့် ရေထိန်းကန် ရှိပါကြောင်း၊ ဘေးတွင် ဆည်မြောင်းဝင်း ရှိပါကြောင်း၊ ၎င်းရေထိန်းကန်လေးကို ၂၀၁၀ ခုနှစ်ဝန်းကျင်က အိမ်ဝိုင်းကွက် ရှစ်ကွက် ချခဲ့ပါကြောင်း၊ အိမ်ဝိုင်းကွက်များ ချလိုက်သည့်အတွက် ၎င်းကန်သည် မြေဖို့ပြီး ကျန်သည့် ရေမြောင်း ဖြစ်လာရပါကြောင်း၊ မြေဖို့ပြီး ကန်၏ ဘေးတွင် အိမ်ဝိုင်းကွက်ကို ချပြီး အိမ်ဝိုင်းများ ယူသွားသည့် အခြေအနေဖြစ်ကြောင်း၊ ရေတံခါး ရှိခဲ့ပါကြောင်း၊ သို့သော် ယခု ရေတံခါး မရှိတော့ကြောင်း၊ ဆည်မြောင်း ဝန်ကြီးဌာနက လုပ်ထားသည့် ရေတံခါးဖြစ်ကြောင်း၊ မိုးများ ရွာသည့်အချိန်တွင် ရပ်ကွက်အတွင်းတွင် ရေလျှံသည့်အတွက် အောင်ဇေယျာရပ်ကွက်တွင် နှစ်စဉ်ရေဘေး ဒုက္ခကြုံပြီး လွန်ခဲ့တဲ့ ငါးနှစ်ခန့်က လူအသေအပျောက်တောင် ရှိပါတယ်။ အောင်မင်္ဂလာအုပ်စုဟာ အိမ်ထောင်စု ၆၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀ နီးပါး ရှိပါကြောင်း၊ မိုးသည်းထန်စွာ ရွာသည့်အချိန်တွင် ရေထွက်ပေါက် မရှိသည့်အတွက် အားလုံး ဒုက္ခ တွေ့ကြုံကြရပါကြောင်း၊ ရေလျှံ နေကြောင်း၊ ကန်တွင် ရေထိန်းတံခါး ရှိသည့်အချိန်က အောက်ဘက်တွင် ရှိသည့် ကန်သာကန်ထဲကို တစ်ချိန်တုန်းက ရေဝင်ရန် ရေစစ်ကန် လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မြင့် ကိုယ်တိုင် ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြောင်း၊
၎င်းအခြေအနေများကြောင့် မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းရပ်ကွက် မြို့ပတ် လမ်းတွင် ရှိသည့် လက်ပံရိုးခေါ်သည့် ရွှေလက်ပံရေထိန်းကန်တွင် ရှေးနှစ်ပေါင်းများစွာက တည်ရှိခဲ့ ပြီး ရေထိန်းတံခါးကို ဆည်မြောင်းဝန်ကြီးဌာနက တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် ပတ်ဝန်းကျင်က ၎င်းရေကန်တွင် အိမ်ဝိုင်းကွက်ရှစ်ကွက် ချထားခဲ့သည့်အတွက် ရေကန်အတွင်း မြေဖို့ပြီး ဝိုင်းကွက်များ ဖန်တီးခဲ့သည့် နောက်ပိုင်းတွင် အောင်ဇေယျရပ်ကွက်တွင် မိုးရာသီရောက်တိုင်း ရေကြီး ရေလျှံ ဖြစ်ခဲ့ရပါကြောင်း၊ ကန်၏ အောက်ဘက်တွင် ရှိသည့် ရန်ကင်းရပ်၊ ရန်မျိုးလုံရပ်၊ ရန်မျိုးနိုင်ရပ်ကွက်တို့တွင် နှစ်စဉ် ရေဘေး ကြုံခဲ့ရပါကြောင်း၊ ဥပဒေနဲ့အညီ ရွှေလက်ပံရေထိန်းကန်ကို ပြန်လည် တူးဖော်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။