(င)ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ဖြင့်အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်ပေါ်နေ တိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသား အဆင့် စီမံကိန်းများရေး ဆွဲထားခြင်း ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-31

(င)သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသော တောင်ပေါ်နေ တိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းများရေး ဆွဲထားခြင်း ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

 

ယနေ့ ကမ္ဘာကြီးသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် နှစ်စဉ်အပူချိန် မြင့်တက်ပြီး ဝန်ရိုးစွန်းမှ ရေခဲများ အလျင်အမြန် ပျော်နေကြောင်း၊ အထူးဒေသများတွင် မိုးများပြီး လေပြင်းမုန်တိုင်းကျပြီး ရေဘေးအန္တရာယ် ကြုံနေရကြောင်း၊ အချို့ဒေသတွင် မိုးခေါင်ရေရှားပြီး စိုက်ပျိုးရေးအတွက် ရေအခက်အခဲဖြစ်နေပြီး နောင်စားနပ်ရိက္ခာ ရှားပါးကြုံတွေ့လာနိုင်ကြောင်း ပညာရှင်များမှ အသိပေး နှိုးဆော်နေခြင်းကို ကြားသိနေရပါကြောင်း၊ ထိုသို့ ရာသီဥတု အလျင်အမြန် ပြောင်းလဲဖောက်ပြန်လာရခြင်း၏ အဓိကအကြောင်းအရင်းသည် မိမိတို့ ပတ်ဝန်းကျင်ရှိ သဘာဝသစ်တောများ အလျင်အမြန် ပျက်စီးသွားခြင်းသည် အဓိကအကြောင်းအရင်းဖြစ်သည်ကို သိရှိရပါကြောင်း ထိုသို့ပျက်စီးသွားရခြင်းသည် သဘာဝကြောင့် မဟုတ်ဘဲ မိမိတို့ လူသားများ မဆင်မခြင် လုပ်ဆောင်မှု၏ သက်ရောက်မှုဖြစ်သည်ကို သိရှိရပါကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက် သစ်ပင်များ မတန်တဆ ခုတ်လှဲရောင်းဝယ်ခြင်း၊ တွင်းထွက် သယံဇာတများကို စက်ယန္တရားကြီးများဖြင့် ထုတ်ဖော်ခြင်းများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးစေပြီး ဂေဟစနစ်များ ပျက်ယွင်းပြီး ရာသီဥတု ဖောက်ပြန်ရခြင်း၏ အကြောင်းအရာများ ဖြစ်ပါကြောင်း၊ ထို့အတူ လူသားများ အသက်ရှင်သန်ရေးအတွက် လုပ်ဆောင်နိုင်သော ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးရေးစနစ်အကြောင်းကို သစ်တောများ ဆုံးရှုံးပျက်စီးစေသည့် အကြောင်းအရာ များ ဖြစ်ပါကြောင်း၊

တောင်ပေါ်ဒေသများတွင် လယ်ယာမြေ ဖော်ထုတ်ရန် မြေပြန့်နည်းပါးခြင်း၊ မြေပြန့်ရှိသော်လည်း ရေရရှိရေးအတွက် မိမိတို့၏ လုပ်အားငွေကြေးအရင်းအနှီးဖြင့် မစိုက်ထုတ်နိုင်ခြင်း၊ အသိပညာ နည်းပါးခြင်းတို့ကြောင့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကိုသာ အလွယ်တကူ လုပ်ဆောင်နေကြရပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်သည် မိမိတို့ စိုက်ပျိုးလိုသောသည့် နေရာရှိ သစ်ပင်၊ ဝါးပင်များကို အပြောင်ခုတ်ထွင် ရှင်းလင်းပြီး နေလှန်းပြီး ခြောက်သည့်အချိန် မီးရှို့ စိုက်ပျိုးရသည့် စနစ်ဖြစ်ပါကြောင်း၊ မီးရှို့သည့်အချိန်တွင် မိမိတို့စိုက်ပျိုးရန် ခုတ်ထားသည့် နေရာသာမက တောမီးများ ကူးစက်ပြီး ဧကပေါင်းမြောက်မြားစွာ လောင်ကျွမ်းပြီး သစ်ပင်၊ ဝါးပင်၊ တိရစ္ဆာန်များ သေကြေပျက်စီးစေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့ပါကြောင်း၊ သယံဇာတ ထုတ်လုပ်မှုတွင်လည်း စက်စွမ်းအင် အလွန်တရာကြီးမားသည့် ယန္တရားများဖြင့် လုပ်ဆောင်နေခြင်းကြောင့် သစ်ပင်၊ ဝါးပင်၊ တောင်ကုန်းများ နေ့ချင်းညချင်း ပျောက်ပျက်ကာ ကန္တာရကဲ့သို့ ပြောင်းသွားသည်ကို ဖားကန့်ဒေသ၊ ရွှေမှော်ဒေသများတွင် လက်တွေ့မြင်နေရပါကြောင်း၊

သို့ဖြစ်ပါ၍ လယ်ယာမြေဖော် ထုတ်လို့ရသည့် နေရာတွင် လယ်ယာမြေ ဖော်ထုတ်ပေးခြင်း၊ ဒေသနှင့် သင့်လျော်သည့် သီးနှံစိုက်ပျိုးပင်များ စိုက်ပျိုးရေးအတွက် နည်းပညာ၊ ငွေကြေး၊ မျိုးကောင်း မျိုးသန့်ပျိုးပင်များ ထောက်ပံ့ပေးခြင်း၊ ဈေးကွက် ဖန်တီးပေးခြင်းများ ပြုလုပ်ပေးပြီး ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်းကို ပပျောက်စေရန် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ပေးသင့်ပြီး နိုင်ငံသား တောင်ပေါ်သားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးရန် လိုအပ်နေကြောင်း၊

မိမိတို့ မြို့နယ်၏ နှစ် ၃၀ အတွင်း မြစ်၊ ချောင်း၊ အင်းအိုင်များ ခန်းခြောက်လာသည်ကိုလည်း မျက်မြင် ကြုံတွေ့နေရပါကြောင်း၊ သစ်ပင်၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းလိုက်သဖြင့် ရေဝေရေလဲ ဧရိယာများ လျော့နည်းလာပြီး မြစ်၊ ချောင်းများ ယခင်စီးဆင်းမှု၏ သုံးပုံနှစ်ပုံခန့်သာ စီးဆင်းနေမှုကို မျက်မြင်ကြုံတွေ့နေရပါကြောင်း၊ တချို့အင်းအိုင်များ လုံးဝခန်းခြောက်သွားသည်ကို တွေရှိနေပါကြောင်း၊ သဘာဝသစ်တောများ ပျက်စီးပြီး ရာသီဥတု ဖောက်ပြန်လာသလို ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးရသည့် အဆိုးသံသရာ လည်နေပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အဆိုးသံသရာ လည်နေမှုကို ကြိုတင်ကာကွယ် မတားဆီးနိုင်ပါက အမြဲတမ်း စိမ်းလန်း စိုပြည်နေသော၊ နေထိုးလို့ မဝင်သော ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အမြဲစိမ်း သစ်တော၏ အကျိုးစီးပွားကို နောင်လာနောက်သားများ ခံစားနိုင်တော့မည် မဟုတ်ဘဲ တေးသီချင်းနှင့် ဝတ္ထု၊ ကဗျာစာပေများတွင်သာ ကျန်ရှိနေတော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝပတ်ဝန်းကျင် သစ်တောထိန်းသိမ်းရာရောက်သည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ် ပပျောက်စေပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော တောင်ပေါ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းရေးဆွဲ ထားခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။