(က)-မြန်မာ့လျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင် မြဝတီမြို့သို ပေးနိုင်မည်နည်း၊ ကျေးလက်တောရွာ များအတွက် ကျေးလက်သုံးမီတာများ ဖြန့်ဝေပေးနိုင်ခြင်းရှိ/မရှိနှင့် (Digital Meters) လုံလောက်စွာဖြန့်ဖြူးပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

(က)-မြန်မာ့လျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင် မြဝတီမြို့သို ပေးနိုင်မည်နည်း၊ ကျေးလက်တောရွာ များအတွက် ကျေးလက်သုံးမီတာများ ဖြန့်ဝေပေးနိုင်ခြင်းရှိ/မရှိနှင့် မြို့ကြီးသုံးမီတာများ(Digital Meters) လုံလောက်စွာဖြန့်ဖြူးပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြဝတီမြို့တွင် လျှပ်စစ်ဓာတ်အားကို ၁၉၉၆ ခုနှစ်က စပြီး ထိုင်းနိုင်ငံမှ ဝယ်ယူသုံးစွဲရသည်မှာ ယနေ့တိုင် ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၂၃ နှစ် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်မှ မြဝတီမြို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်ရန် ၂၃၀/၆၆/၁၁ ကေဗွီ မြဝတီ ဓာတ်အားခွဲရုံကို ၁၉-၃-၂၀၁၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားကို သုံးစွဲရမည်ဖြစ်သည့်အတွက် ပြည်သူ များ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါကြောင်း၊ မြဝတီမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူး ပေးရန် ဆောင်ရွက်မည့် အစီအစဉ်ကို ၂၆-၃-၂၀၁၉ ရက်နေ့တွင် မြဝတီမြို့၊ ကရင်ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာမှူးကြီးက ရှင်းလင်းတင်ပြရာတွင် သုံးလအကြာ၌ မြဝတီမြို့ကိုပေးနိုင်မည် ဖြစ် ကြောင်း ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ ထိုင်းလျှပ်စစ်သည် ၂၂ ကေဗွီ ထရန်စဖော်မာများကို သုံးပြီး မြန်မာလျှပ်စစ်သည် ၁၁ ကေဗွီ ထရန်စဖော်မာများကို အသုံးပြုပါကြောင်း၊ ထို့ကြောင့် မြဝတီတွင် ထရန်စဖော်မာ အလုံးပေါင်း ၈၀ ကျော် လဲလှယ်ရမည် ဖြစ်ပါကြောင်း၊ ထရန်စဖော်များ လဲလှယ်မှုကို သုံးလခန့်ကြာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထရန်စဖော်မာ လဲလှယ်ရာတွင် လိုအပ်ပါက ဘားအံ၊ ကော့ကရိတ်မှ ဝန်ထမ်းများကိုခေါ်ပြီး လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုင်းလျှပ်စစ်အတွက် တစ်ယူနစ်ကို လေးဘတ် ပြား ၂၀ ပေးရကြောင်း၊ မြန်မာ့လျှပ်စစ် မြဝတီမြို့ကို ပေးမည်ဖြစ်သည့် အတွက် ထိုင်းလျှပ်စစ်ကို ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီက တစ်ယူနစ်ကို လေးဘတ် ပြား ၂၀ မှ လုပ်ငန်းသုံးဟု အကြောင်းပြပြီး ခြောက်ဘတ်အထိ မေလကစပြီး ဈေးတက်ကောက်ခံခဲ့ပါကြောင်း၊ လျှပ်စစ်သုံးစွဲသူ ပြည်သူများကျေနပ်မှု မရှိပါကြောင်း၊ မြန်မာ့လျှပ်စစ် မြဝတီသို့ ယနေ့အားလုံး မရောက်သေးကြောင်း၊ သတ်မှတ်ချိန် မပြီးခြင်းသည် ရိုးသားမှု ရှိရဲ့လား၊ အချိန်ဆွဲနေခြင်းလား ဟု ပြည်သူများက သံသယဝင်နေကြကြောင်းကို ပြောကြပါကြောင်း၊ ယခုသတ်မှတ်ချိန်ထက် ခြောက်လ နောက်ကျနေပါပြီဖြစ်ကြောင်း၊ လျှပ်စစ်မရသေးကြောင်း၊ မြဝတီမြို့ဟာ တစ်လလျှင် ယူနစ် လေး သန်းကျော် သုံးစွဲနေကြောင်း၊ တစ်လလျှင် ဘတ် ၁၄၅၅၈၀၀၀ ကျော်၊ မြန်မာကျပ်ငွေဖြင့် သန်းပေါင်း ၇၂၄ သန်း ထိုင်းနိုင်ငံကို ပေးချေနေရပါကြောင်း၊ မြန်မာ့လျှပ်စစ် အပြည့်အဝပေးနိုင်မည်ဆိုပါက ထိုင်းနိုင်ငံခြားငွေ သက်သာလာမည် ဖြစ်ပါကြောင်း၊

လွှတ်တော် အစည်းအဝေးရပ်နားစဉ် မဲဆန္ဒရှင်များနှင့် တွေ့ဆုံပွဲများတွင် ကျေးလက်သို့ မီတာများကို ငွေကြေးအင်အား နည်းပါးသူများက ဝယ်ယူတပ်ဆင်နိုင်ရေးကို တင်ပြလာကြပါကြောင်း၊ မြို့ကြီးသုံး လျှပ်စစ်မီတာလျှောက်ထားရာတွင် မီတာအကန့်အသတ် ရှိကြောင်း မီးသုံးစွဲသူများက တင်ပြကြ ပါကြောင်း၊ သို့ဖြစ်ပါ၍ (က) မြန်မာ့လျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင် မြဝတီမြို့ တစ်မြို့ လုံးသို့ ပေးနိုင်မည်နည်း၊ (ခ) ကျေးလက်တောရွာများအတွက် ကျေးလက်သုံးမီတာများကို ဖြန့်ဝေ ပေးနိုင်ခြင်း ရှိ/မရှိနှင့် (ဂ) မြို့ကြီးသုံး Digital Meters များ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။