(ခ)-မီတာဖတ်ခြင်း၊ မီတာ ကောက်ခံခြင်းများတွင် လျှပ်စစ်သုံးစွဲသူနှင့် လျှပ်စစ်ဌာနတို့အကြား ပွင့်လင်း မြင်သာမှု ရှိရန်အတွက် လူမြင်နိုင်သောနေရာ သို့မဟုတ် အိမ်ခြံဝင်းများ အတွင်းတွင် မီတာပုံးများ ထားရှိရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

ဇူလိုင် ၁ ရက်နေ့မှစပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားခများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၂ ဘီလီယံ အမြတ်ရရန် ခန့်မှန်းထားပြီး တိုးမြှင့်ကောက်ခံခဲ့ ပါကြောင်း၊ ပြည်သူများသည် လျှပ်စစ်ဌာန၏ အခက်အခဲနှင့် အကြောင်းအရင်းကို သိရှိကြသည့် အတွက် တာဝန်ကျေစွာ ပေးဆောင်ခဲ့ကြပါကြောင်း၊ သို့သော် လျှပ်စစ်မီတာခ ပိုမိုပေးဆောင် ကြရခြင်းနှင့် အကူလျှပ်စစ်ဌာနနှင့် ပြည်သူများ ကြည်ကြည်ဖြူဖြူ အပြန်အလှန် နားလည်မှုရှိပြီး ပွင့်လင်းမြင်သာမှုဖြင့် ပေးဆောင်ရန် လိုအပ်နေပါကြောင်း၊

ပြည်သူများသည် လက်တွေ့တွင် မိမိသုံးစွဲထားသည့် လျှပ်စစ်ယူနစ်များကို လျှပ်စစ်မီတာပုံးများ မှတစ်ဆင့် အလွယ်တကူသိရှိနိုင်မှ လျှပ်စစ်ချွေတာသုံးစွဲရေးမှတစ်ဆင့် မိသားစု စရိတ်ချွေတာရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် ပြည်သူ များမှ ကြည်ဖြူယုံကြည်စွာပေးအပ်သည့် လျှပ်စစ်ခများမှတစ်ဆင့် တစ်နိုင်ငံလုံး လျှပ်စစ်လုံလောက် စွာ ဖြန့်ဖြူးနိုင်ရေး စီမံကိန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

မီတာပုံးအများစုသည် ဓာတ်တိုင်များပေါ်တွင် စုပုံထားရှိပြီး မိမိမီတာသည် မည်သည့်မီတာ ဖြစ် ကြောင်းမသိနိုင်သည့် အမြင့်တွင်ထားသည့်အတွက် သုံးစွဲသည့်ပမာဏကို အလွယ်တကူ ကိုယ်တိုင် မသိနိုင်၊ မီတာခများကိုလည်း လျှပ်စစ်ဌာနနှင့် ဖြန့်ဖြူးရေးအတွက် တင်ဒါအောင်ထားသည့် ကုမ္ပဏီ များက တောင်းသည့်အတိုင်းပေးရမည်ဟု ယုံကြည်နေသည့်အပြင် လစဉ်မီတာယူနစ်များ ကောက် ယူရာတွင် မကောက်ယူမိသော မီတာယူနစ်အကျန်များနှင့် ပတ်သက်ပြီး သံသယများ ဝင်နေကြ ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဌာနကို ယုံကြည်မှု အားနည်းလာပါကြောင်း၊ မီတာခများကို အမှန် တကယ် ကုန်ကျသင့်သည်ထက် အလွန်အကျွံ ပေးဆောင်နေရသည်ဟု ယူဆလာပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဌာန၏ စေတနာဖြင့် ဆောင်ရွက်ချက်ကို အဆိုးမြင်လာကြပါကြောင်း၊ ပြည်သူ့ ကိုယ်စားလှယ်များကို ယခုကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်တွင် တင်ပြမေးမြန်းပေးရန် ပြောကြား ခဲ့ကြပါကြောင်း၊ အဆိုးဆုံးသည် နိုင်ငံတော် အစိုးရနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ များအပေါ်တွင်ထားရှိသည့် အခက်အခဲနှင့် စေတနာကို အကောင်းမမြင်နိုင်ခြင်းသည် ပြည်သူ့အကျိုး ကို ဆောင်ရွက်နေသည့် အစိုးရအတွက် မပေါ့ဆသင့်သတိထားသင့်သည့် အကြောင်းကို ထောက်ပြ လိုပါကြောင်း၊

၎င်းအချက်များကြောင့် ပဲခူးမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းသည် တင်ဒါယူ ဆောင်ရွက်နေသည့် ကုမ္ပဏီကို ဒီဇင်ဘာလ ၄ ရက်နံနက်ပိုင်းက လူအင်အား ၁၀၀ ခန့်ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည့်အချိန်တွင် ဓာတ်တိုင်ထိပ်ဖျားရောက် မီတာပုံးများကိစ္စနှင့်ပတ်သက်ပြီး သက် ဆိုင်ရာ ဌာနများသို့ ဆက်တိုက်တိုင်ကြားခဲ့သော်လည်း ဖြေရှင်းမှုများ မရှိသည့်အတွက် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်းကို သိရှိရပါကြောင်း၊ သို့သော် အမြင့်ဆုံးရောက် မီတာပုံးများနှင့် ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က လစဉ် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က ပြည်သူများအနေဖြင့် လျှပ်စစ်အသုံးပြုရာတွင် ကျသင့် မီတာသုံးစွဲမှုကို အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် ဓာတ်တိုင်ပေါ်ရှိ မီတာပုံးများကို အများမြင်သာ သည့်နေရာတွင် ရွှေ့ပြောင်းတပ်ဆင်နိုင်ရန် သက်ဆိုင်ရာအဖွဲ့များကို ညွှန်ကြားထားကြောင်း၊ ဆောင်ရွက်ရန်အတွက် ဆောင်ရွက်သူများ အဆင်ပြေစေရန်၊ လုပ်ဆောင်ရန် ကြာမြင့်နိုင်ခြေကို တွက်ချက်ပြီး စီမံချက်တစ်ရပ်ကို တစ်ပတ်အတွင်း ပြန်တင်ရန် ညွှန်ကြားထားကြောင်း ပြောကြား ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး YESC သည် ဓာတ်အားသုံးစွဲသူများ၏ တပ်ဆင်ထားသည့် မီတာ အားလုံးကို ရုံးချုပ်မှကြီးကြပ်ပြီး ခရိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက ဝန်ထမ်းများကိုယ်တိုင် ဓာတ်အားသုံးစွဲသူများနှင့် မျက်မြင်ဖတ်ရှုမှတ်တမ်းတင်၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ပေးစေလိုကြောင်းနှင့် ဓာတ်တိုင်ပေါ်တွင် မီတာတပ်ဆင်ပြီး HHU မီတာဖတ်ကိရိယာဖြင့်ဖတ်၍ ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်နေသည့် မီတာများ၏ ဖတ်ရှုချက်များကို အားလုံးသိရှိနိုင်ရန် အတွက် မီတာဖတ်ပြီး နောက်တစ်နေ့တွင် သက်ဆိုင်ရာ နယ်မြေရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ပေးပို့အပ်နှံထားမည်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ရန်လည်း မေတ္တာရပ်ခံထားကြောင်း သတင်း များတွင် ဖော်ပြထားသည်ဟု သိရှိရပါကြောင်း၊

ထို့ပြင် မီတာပုံးများကို ပြည်သူမြင်သည့်နေရာတွင် ပြန်ချသည့်စရိတ်ကို ပြည်သူကခံစရာမလိုဘဲ ဌာနက ခံမည်ဟု ပြောသွားကြောင်း၊ ထိုသို့ သိရှိခဲ့ရသော်လည်း ပြောသည့်အတိုင်း မြေပြင်တွင် မဆောင်ရွက်နိုင်သေးသည့်အတွက် အထက်တွင် ဖော်ပြခဲ့သည့် ပြဿနာများ၊ သံသယများ၊ အထင် လွဲမှုများကို ယနေ့တိုင်ပေါ်ပေါက်လျက် ရှိနေရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သုံးစွဲသူများ မြင်နိုင်မည့် နေရာဖြစ်သည့် နေအိမ် သို့မဟုတ် သင့်လျော်ရာ နေရာတွင် မီတာပုံးများ ထားရှိရန် လိုအပ်နေသည့်အတွက် မီးသုံးစွဲသူ မဲဆန္ဒရှင်များ၏ အလိုနှင့်အညီ လျှပ်စစ်ဌာနနှင့် ပြည်သူ အစဉ် ကြည်ဖြူ၍ နှစ်ဦးနှစ်ဖက် ဆန္ဒပြည့်ဝစေရန် မိမိအနေဖြင့် မီတာပုံးများကို လက်လှမ်း၊ မျက်မှန်း မီသည့်နေရာတွင် ထားခြင်းမရှိဘဲ ဓာတ်တိုင်များအပေါ် အမြင့်ဆုံးတွင် တင်ထားသည့် အခြေအနေ၊ ဓာတ်အား သုံးစွဲမှုနှုန်းထားများ တိုးမြှင့်ထားချိန်တို့တွင် မိမိတို့ သုံးစွဲထားသည့် မီတာယူနစ်များကို ပြည်သူတွေက ပွင့်လင်းမြင်သာစွာ သိရှိ သုံးသပ်နိုင်ရန်အတွက် ယခုမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း မေးမြန်းပါသည်။