(ဂ)-ဗန်းမောက်မြို့နယ်ရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ လွှမ်းခြုံနိုင်ရန်အတွက် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

ဗန်းမောက်မြို့ပေါ်တွင် ရပ်ကွက်(၃) ခု၊ ကျေးရွာအုပ်စု (၄၇) အုပ်စု ကျေးရွာပေါင်း (၂၂၁) ရွာ ရှိပါ ကြောင်း၊ လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်မြို့နယ် ဖြစ်ပါ ကြောင်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်မှ နောက်ကျသည့်မြို့နယ် ဖြစ်ပါကြောင်း၊ ဗန်းမောက်မြို့နယ် ကျန်းမာရေးဌာနသည် မြို့နယ်ဆေးရုံတစ်ရုံ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခု၊ ငှက်ဖျားတိုက်ဖျက်ရေးတစ်ခု၊ တိုက်နယ် ဆေးရုံနှစ်ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၁)ခုရှိပါကြောင်း၊ မြို့နယ်တွင်း လိုအပ်  ချက်များ၊   ပြည်သူများတင်ပြချက်များကို စုစည်းပြီးမှ အများအားဖြင့် ကြယ်ပွင့်မပြမေးခွန်းများ မေးမြန်းဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနမှ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင် ရှိပါသော်လည်း အချို့မေးခွန်းများသည် ကတိဖြစ်အဖြေများဖြစ်သော်လည်း ဖွဲ့စည်းပုံတိုးချဲ့ရေး လုပ်ငန်းများ ဖြစ်သည့်အတွက် ကြန့်ကြာနေခြင်းအပေါ် မိမိအနေဖြင့် သိရှိနားလည်သော်လည်း ပြည်သူများ သိရှိနိုင်ရန်နှင့် ပြည်သူများ၏လိုအပ်ချက်များကို အမြန်ဆောင်ရွက်ပေးနိုင်ရန်စပ်လျဉ်း၍ သိရှိလိုခြင်းဖြစ်ပါကြောင်း၊

မန်ထုံ တိုက်နယ်ဆေးရုံသည် ယခင်အစိုးရလက်ထက်တွင် ကတိဖြစ်ပြီးမှ မဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊  မိမိတို့အစိုးရလက်ထက်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖွဲ့စည်းခွင့် ဆောင်ရွက်ပေးမည်ဟု ဖြေထားသည့်လုပ်ငန်းဖြစ်သော်လည်း မိမိတို့သက်တမ်းငါးနှစ်တွင် ဆောင်ရွက်နိုင်ခြင်း မရှိမည်ကို စိတ်ပူမိပါကြောင်း၊ နားမော် RHC ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အဆင့်တိုးမြှင့်ပေးရန်၊ ပင်ပုံအုပ်စု၊ မန်ပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန်၊  မန်ကပ်အုပ်စု၊ မန်ကပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ပေးရန်၊  ကဏန်းအလန်းစား တိုက်နယ်ဆေးရုံ အဆင့်မြှင့်တင်ပေးရန်၊  ကဏန်းဒေသသည် ကဏန်းလူမျိုး ၂၄ ရွာ စုပေါင်းနေထိုင်သည့် နေရာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာ ဖြစ်သည့် အတွက် ဦးစားပေး ဆောင်ရွက် ပေးသင့်သည့်နေရာ ဖြစ်ပါကြောင်း၊ လက်ထောက်ဆရာများ အပါအဝင် လစ်လပ်ဝန်ထမ်းများ ခန့်ထားပေးရန် ဖြစ်ပါကြောင်း၊  ထို့ကြောင့် အဆောက်အဦများ၊ ဖွဲ့စည်းပုံများ၊ ဝန်ဆောင်မှုများ လွှမ်းခြုံနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။