(ဆ)-မတူပီမြို့နယ်၊ တန်ကူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်ကူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသည် ၁၉၆၈ ခုနှစ်တွင် စတင်ပြီး ဖွင့်လှစ်ခဲ့သည့်အတွက် ဝေးလံခေါင်ဖျားသည့် ကျေးလက်ပြည်သူများ၏ ကျန်းမာရေးကို အများကြီး စောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာနသည် မတူပီမြို့ နှင့် ၃၅ မိုင်၊ ရေဆွာ တိုက်နယ်ဆေးရုံနှင့် ၈၃ မိုင်၊ လိုက်လှမ်း ပြည်တိုက်နယ် ဆေးရုံနှင့် မိုင် ၃၀ ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက် ရန် အလွန်အားနည်းနေပါကြောင်း၊ တန်ကူကျေးရွာနှင့် မတူပီမြို့နယ်ကြားတွင် ကုန်းရွာချောင်း ကျောင်း ရှိပြီး လူကူးကြိုးတံတားသာရှိသည့်အတွက် မိုးတွင်းကာလများတွင် အကြိမ်ကြိမ် ရေကြီးပြီးမှ ၎င်းကြိုးတံတားသည် အကြိမ်ကြိမ် ပါရှိသည့် အချိန် ရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကြိုး တံတား ရေမျောပါသွားသည့်အချိန်တွင် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်ရန်အတွက် အလွန်ခက်ခဲလှပါကြောင်း၊ တန်ကူမှ မတူပီမြို့ကို မိုင် ၃၀ လာရသည့် ခရီးသည် မြေပြန့်အတွက် မဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မိမိတို့ တောင်ပေါ်ဒေသအတွက် အင်မတန်မှ ခက်ခဲလှပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးမည်ဆိုပါက အကျိုးပြုနိုင်မည့် ကျေးရွာပေါင်းသည် ၆၆ ရွာ၊ လူဦးရေ ၁၆၅၆၉ ဦးနှင့် အိမ်ခြေ ၃၁၃၅ အိမ်ကို အကျိုးပြုမည် ဟု သိရှိရပါကြောင်း၊ တန်ကူ ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးမည်ဆိုပါက ၎င်း၏ အောက်တွင်ရှိသည့် ကျန်းမာရေးဌာန လေးခု၊ ကျန်းမာရေးဌာနခွဲ ၁၇ ခုရှိသည် ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တန်ကူကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးမည်ဆိုပါက ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ကောင်းမွန်စွာစောင့်ရှောက်ပေးနိုင်မည် ဖြစ်သည့်အတွက် တန်ကူ ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။