(ဂ)-ကျောက်ကြီးမြို့နယ်၊ ပတ္တလားကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာမှ ထိပ်ပေါက်ရွာအထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်ထုတ် ကျောက်ချောလမ်း ခင်းပေးပါရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
(ဂ)-ကျောက်ကြီးမြို့နယ်၊ ပတ္တလားကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာမှ ထိပ်ပေါက်ရွာအထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်ထုတ် ကျောက်ချောလမ်း ခင်းပေးပါရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပတ္တလားကျေးရွာအုပ်စုသည် ကျောက်ကြီးမြို့နယ်၏ တောင်ဘက်အကျဆုံး ကျေးရွာအုပ်စု တစ်ခုဖြစ်ပြီး ကျေးရွာငါးရွာနှင့် လူဦးရေ ၂၂၄၇ ယောက် ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်အထိ စစ်ဘေးစစ်ဒဏ် အခံရဆုံးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အနိမ့်ကျဆုံး ရွာများ ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် KNU နှင့် အပစ်ခတ်ရပ် စာချုပ်ချုပ်ဆိုပြီး ပြည်ထောင်စု ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တစ်နိုင်တစ်ပိုင်လမ်းများ ဆောင်ရွက် အကောင်အထည်ဖော် ပေးခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှစ၍ CLass(A) လမ်းဖြစ်သည့် သဲကုန်း-အင်းနက်-မတောကုန်း-ထန်းပင်ကုန်း-ထိုက်ထူ ရွာချင်းဆက်လမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ထန်းပင်ကုန်းရွာ၏ အရှေ့ဘက် ကြာအင်း-ကြိမ်တောမြောင်-ပတ္တလား-ပေါက်သရော-ထိပ်ပေါက်ရွာအထိ ဖြစ်ပါ ကြောင်း၊ ၎င်းလမ်းသည် နှစ်မိုင်ခန့် ရှည်လျားပြီး အကျယ် ၂၀ ပေ ရှိကြောင်း၊ မူလမြေသားလမ်းတွင် မိုးတွင်းအခါတွင် ရွှံ့နွံ့များ၊ ချိုင့်ခွက်များကြောင့် ဒေသခံများ သွားလာရ ခက်ခဲမှု ဖြစ်နေပါကြောင်း၊
ပတ္တလား ကျေးရွာအုပ်စုငါးရွာမှ အထက်တန်း ကျောင်းသားကျောင်းသူ ၉၈ ယောက်ခန့်သည် Class(A) လမ်းပေါ်တွင် ရှိသည့် ကျွဲတလင်း အထက်တန်းကျောင်းသို့ နေ့စဉ်သွားရောက်ပြီး ကျောင်းသွား ကျောင်းပြန် လုပ်နေရသည့်အပြင် အုပ်စုအတွင်းရှိ မူလတန်းလွန်ကျောင်း လေးကျောင်း မှ ဆရာ ဆရာမများသည် ၎င်းလမ်းကို အသုံးပြု နေကြရပါကြောင်း၊ ပတ္တလား ကျေးရွာအုပ်စုရှိ ပြည်သူများသည် တောင်သူအများစု ဖြစ်ကြပြီး စပါးစိုက်ဧက ၂၁၄၃ ဧကရှိပြီး ခန့်မှန်းစပါးအထွက် တင်း တစ်သိန်းခွဲနှင့် ပဲမျိုးစုံ တင်းနှစ်သောင်းခန့် ထွက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ တောင်သူများသည် စက်ယန္တရားများ အသုံးပြုလာပြီ ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမှသာ ကုန်ထုတ် လုပ်ငန်းများကို အလွယ် တကူ သယ်ယူပို့ဆောင်နိုင်ပြီး ဈေးကောင်းရရှိမည် ဖြစ်ပါကြောင်း၊
ထန်းပင်ကုန်းကျေးရွာမှ ထိပ်ပေါက်ရွာအထိ ကုန်ထုတ် ကျောက်ချောခင်းလမ်း ပြုလုပ်ပေးမည် ဆိုပါက ပတ္တလား ကျေးရွာ အုပ်စု ငါးရွာရှိ ပြည်သူများသာမက အနီးအနားရှိ ဓားကုလားရွာ၊ ဝက်လှတောရွာ၊ အိုးမြေဒူရွာတို့ကို ၎င်းပြည်သူ များအား အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်သည့်အတွက် ကျောက်ကြီး မြို့နယ်၊ ပတ္တလား ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ မှ ထိပ်ပေါက်ရွာအထိ ကုန်ထုတ် ကျောက်ချောခင်းလမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။