(င)-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ၂၀၁၇ ခုနှစ်မှ စတင်၍ အသုံးပြုခြင်း မရှိသည့်အပေါ် မည်သည့်အတွက်ကြောင့် သုံးစွဲခြင်းမရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Blue mark Verification ရထားသည့် တရားဝင် Facebook စာမျက်နှာသည် ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ပြီး သတင်းအချက်အလက်အသစ်များ ဖော်ပြခြင်းမရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်အတွင်းမှာပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲဟာလည်း တဖြည်းဖြည်းနီးကပ်လာပြီဖြစသည့်အတွက် ပြည်သူတွေအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များဖြင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ပိုမို စိတ်ဝင် စားလာပြီ ဖြစ်သည့်အတွက် သတင်းအချက်အလက်များ လက်လှမ်းမီရန်အတွက်လည်း အရေးကြီး ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စံသတ်မှတ်ချက်များတွင် လွတ်လပ် ခြင်း၊ မျှတခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ အများ၏ယုံကြည်မှုရှိခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် များကိုက်ညီမှုရှိခြင်းဆိုသည့် အချက်အလက်များသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရည်မှန်းချက်ဖြစ်သည့် Creative Election ဖြစ်ရေးကို အထောက်အကူပြု စေမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာခြင်းဆိုသည့်အချက်သည် သတင်းအချက်အလက် လက်လှမ်းမီခြင်း ဆိုသည့် အခြေ အနေကို ရရှိရန်လည်းလိုအပ်သည့်အတွက် နေ့စဉ်ယနေ့ခေတ် လူအများအသုံးပြုနေသည့် လူမှု ကွန်ရက်စာမျက်နှာမှ ရွေးကောက်ပွဲကော်မရှင်များ၏ သတင်းကို စောင့်ကြည့်လေ့လာခြင်း ဖြစ်ပါကြောင်း၊
၂၀၁၇ ခုနှစ် ဩဂုတ်လက စတင်၍ ကော်မရှင်နှင့် ပတ်သက်သည့်သတင်းများကို တွေ့ရှိရခြင်း မရှိပါကြောင်း၊ Facebook တွင် ပေးထားသည့် Link ကတစ်ဆင့် Website ထဲကိုဝင်ကြည့်ရာတွင်လည်း ဝင်ကြည့်နိုင်ခြင်း မရှိဘဲ May Be For Sailed ဟူ၍ ဆက်လက်သွား၍ မရဘဲ Google ကနေသာ ဝင်ကြည့်နိုင်ပါကြောင်း၊ Domain အောက်က Link များတွင် တခြားနိုင်ငံက ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းများကိုသာ တွေ့ရှိရပါကြောင်း၊ Facebook နှင့် ချိတ်ဆက်ထားသည့် Website သည် အသုံးမတည့်သည်ကို တွေ့ရှိရပါကြောင်း၊
အများပြည်သူ ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲတစ်ခု၏ အမှတ်အသားများမှ တစ်ခုဖြစ်သည့် ပွင့်လင်းမြင်သာရှိမှုနှင့် သတင်းအချက်အလက်အလွယ်တကူရရှိမှုတို့သည် အခြေခံကျပါကြောင်း၊ မြန်မာနိုင်ငံ၏ သာမန်ပြည်သူများကြားတွင် Website ကို ဝင်ရောက်ကြည့်ရှုသူ အင်မတန်မှ နည်းပါးလှပြီး မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူ ၁၈ သန်းခန့်ရှိ သည့်အနက် Facebook အသုံးပြုသူဦးရေသည် ၁၆ သန်းခန့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲ ကာလတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူ ခုနစ်သန်းခန့်သာ ရှိပြီး ယခုနှစ်များတွင် ၂၁ သန်းခန့်ရှိပြီဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက ဆိုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက မဲဆန္ဒရှင်အများစု အသုံးပြုနေသည့် ဆိုရှယ်မီဒီယာတစ်ခု ဖြစ်သည့် တရားဝင် Facebook စာမျက်နှာကို မည်သည့်အတွက်ကြောင့် ဆက်လက်အသုံးမပြုသည်၊ မည်သည့်အချိန်တွင် ပြန်လည်အသက်သွင်းသုံးစွဲပါမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။