(က)-ရမ်းဗြဲမြို့နယ်၊ သင်္ကနက်ကျေးရွာတွင် တည်ဆောက်ထားသော Cyclone Shelter အား ပြီးပြတ် အောင် တည်ဆောက်မပေးမှု နှင့်စပ်လျဉ်း၍ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည့် ပင်လယ်ကျွန်းဒေသဖြစ်သည့်အတွက် မိုးရာသီတွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ ဒီရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့်၊ ခံစားနေရသည့် ဒုက္ခဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ဒေသနေပြည်သူများအတွက် အဆင်ပြေလုံခြုံစွာခိုလှုံနားနေနိုင်ရန်အတွက် Cyclone Shelter များ တည် ဆောက်ပေးရန် အမှန်တကယ်လိုအပ်သော ဒေသများတွင် ရမ်းဗြဲမြို့နယ်ဒေသရှိ ပင်လယ်မြစ်ချောင်းများနှင့် နီးစပ်သည့် ဒေသများလည်း ပါဝင်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်၊ သင်္ကနက်ကျေးရွာတွင် Cyclone Shelter တစ်ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၇၉.၉ သန်း အကုန်အကျခံ၍ တည်ဆောက်ရန် နိုင်ငံတော်က ဘဏ္ဍာရန်ပုံငွေခွင့်ပြုပေးခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် ရမ်းဗြဲရွှေမြေကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သည်ကို သိရပါကြောင်း၊ Cyclone Shelter တည်ဆောက်ရန်အတွက် သင်္ကနက် ရွာသားများသည် မိမိတို့၏ ချွေးနည်းစာ ငွေကျပ် သိန်း ၃၀ ဖြင့် မြေကွက်ဝယ်ယူပြီး မြေနေရာရရှိရေး အတွက် ပူးပေါင်းပါဝင်ခဲ့ကြပါကြောင်း၊

ယခုအခါ တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် ရမ်းဗြဲရွှေမြေ ကုမ္ပဏီသည် ခွင့်ပြုရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းကို ထုတ်ယူရန် မည်သူကတာဝန်ယူစစ်ဆေးပြီး မည်သူကထောက်ခံတင်ပြသည်ကို မသိရဘဲ ထုတ်ယူထား ပြီးကြောင်းကို ကျေးရွာသားများ၏ တင်ပြချက်အရ သိရှိရပါကြောင်း၊ ခွင့်ပြုရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းကို ထုတ်ယူပြီး ဖြစ်သော်လည်း အဆောက်အဦ ပြီးစီးမှုမှာ ၅၀ ရာခိုင်နှုန်း မပြီးသည့်အပြင် အဆိုပါ ကုမ္ပဏီက ဆက်လက်၍ မဆောက်လုပ်နိုင်သည့်အတွက် သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံထားကြောင်း ရွာသားများ၏ ‌ပြောပြချက်အရ သိရှိရပါကြောင်း၊ အဆောက်အဦ အခြေအနေများနှင့် သင်္ကနက်ကျေးရွာတွင် တည်ဆောက်ထားသည့် Cyclone Shelter ၏ ရှေ့ဘက်၊ ဘေးဘက် မြင်ကွင်းများနှင့် လွှတ်တော် ကိုယ်စားလှယ် ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးသည့် ပုံများ ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ တင်ဒါအောင်မြင် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီက စာချုပ်ပါ စည်းကမ်းချက်များကို မလိုက်နာဘဲ Cyclone Shelter အား အပြီးအပြတ် တည်ဆောက် မပေးမှုကိစ္စအား မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပြီး အဆိုပါ Cyclone Shelter အား ပြီးစီးအောင် မည်ကဲ့သို့စီစဉ် ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါသဖြင့် ဒေသနေပြည်သူများကိုယ်စား မေးမြန်းပါသည်။