(ခ) ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မူကြိုကျောင်းများနှင့် ပုဂ္ဂလိကမူကြိုကျောင်းများတွင် သင်ရိုးညွှန်းတမ်းစနစ်တကျရေးဆွဲထားခြင်းရှိ/မရှိနှင့် ပြင်ပ မူကြိုကျောင်းများကို မည်သည့် ဌာနက၊ ကြီးကြပ် ဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

(ခ)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မူကြိုကျောင်းများနှင့်  ပြင်ပပုဂ္ဂလိက မူကြိုကျောင်းများတွင် သင်ရိုးညွှန်းတမ်း စနစ်တကျရေးဆွဲ ထားခြင်း ရှိ/မရှိနှင့် ပြင်ပ မူကြိုကျောင်းများကို မည်သည့် ဌာနက၊ မည်သို့ ကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မူကြိုကျောင်းများနှင့်ပတ်သက်ပြီး မေးမြန်းသွားမည် ဖြစ်ကြောင်း၊ မိဘတွေ အလုပ် မအားလပ်ခြင်း၊ ကိုယ့်ကလေးများကို ငယ်စဉ်ကတည်းက တော်စေချင်သည့်အတွက်ကြောင့် မိဘများ၏ စေတနာ အရ မူကြိုကျောင်းပညာရေး ပေါ်ထွန်းလာခဲ့ကြောင်း၊ မြို့ကြီးများ သာမက မြို့ငယ် လေးများနှင့် တချို့ကျေးရွာများထိ မူကြိုကျောင်း ယဉ်ကျေးမှုသည် ပြန့်နှံ့လာခြင်း ဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသ ကြီး၊ မင်းလှမြို့နယ်တွင် မူကြိုကျောင်းအတွက် မြေနေရာ အခက်အခဲကြောင့် အစိုးရမူကြို ကျောင်းဖွင့်ရန် မလွယ်ကူဖြစ်နေပါကြောင်း၊ သို့သော် မင်းလှမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက် ရေးအသင်းမှ ကမအထပြုပြီး မြို့မိမြို့ဖ၊ ဌာနဆိုင်ရာများနှင့် မြို့နေ ပြည်သူလူထုတို့၏ ကြိုးစားမှုကြောင့် လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြို ကျောင်းငယ် တစ်ခု ဖွင့်ထားပါကြောင်း၊ မူကြိုပညာရေးသည် မူလတန်း၊ သူငယ်တန်းကို တက်ရန်အတွက် ခြေဆင်း၊ အကြိုလေ့ကျင့်ရေးကွင်းဖြစ်ကြောင်း၊ ကလေးများ၏ အများနှင့် နေတတ်မှု၊ ၎င်းတို့ လိုက်နာနိုင်သည့် စည်းကမ်း၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်မှု၊ ပညာရေးဝန်ကြီးဌာန၏ သူငယ်တန်းအတွက် အခြေခံ ရရှိစေမှုများအတွက် အထောက်အကူ ဖြစ်ပါကြောင်း၊ မူကြိုကျောင်း များတွင် အစိုးရမူကြိုကျောင်းများနှင့်  ပြင်ပမူကြိုကျောင်းများကို ဖွင့်လှစ်ထားပါကြောင်း၊ ရင်ခွင်ပိုက်မူကြိုများလည်း တွေ့ရပါကြောင်း၊ မူကြိုပညာရေး သင်ကြားရာတွင် ကိုယ့်ကျောင်းနှင့် ကိုယ် အဆင်ပြေသလို သင်ကြားပေးနေသည်ကို တွေ့ရကြောင်း၊ တချို့ကျောင်းများတွင် တိုင်းတစ်ပါး ယဉ်ကျေးမှုဖြစ်သည့် ဟောလိုးဝင်းပွဲများ ကျင်းပနေသည်ကို တွေ့ရပါကြောင်း၊ ကလေးဘဝကအစ ကိုယ့်နိုင်ငံကို ယ့်ယဉ်ကျေးမှုကို မြတ်နိုးတတ်စေရန်၊ ရင်းနှီးအကျွမ်းဝင်နေစေရန် ထိတွေ့မှုများ လုပ်လုပ်ပေးမှ နိုင်ငံချစ်စိတ်၊ ယဉ်ကျေးမှုကို မြတ်နိုးသည့် စိတ်များကို ကလေးများ၏ ရင်ထဲတွင် ငယ်စဉ်မှစပြီး ကိန်းအောင်းလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မူကြိုကလေးများ၏ သင်ရိုး အညွှန်းဘောင်များသည် ပညာရေးဝန်ကြီးဌာန သူငယ်တန်း သင်ရိုးများနှင့် လိုက်လျော ညီထွေဖြစ်ရန် လိုပါကြောင်း၊ မူကြိုပညာရေးသည် အလွန်မြင့်ပြီး KG ပညာရေးက အလွန်နိမ့်နေ ပါက အကူးအပြောင်း ရောက်ရှိလာသည့် ကလေးများ စိတ်မဝင်စားနိုင် ပျင်းရိငြီးငွေ့နေမည် ဖြစ်သည့်အပြင် မူကြိုပညာရေးသည် အလွန်နိမ့်နေပြီး KG ပညာရေးကို လိုက်မမီနိုင် ဖြစ်နေပါက ပညာသင်ကြား‌ရေး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် မူကြို ပညာရေး သင်ရိုးအညွှန်းဘောင်များကို အစိုးရ မူကြိုများနှင့် ပြင်ပ မူကြိုများအတွက်ပါ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းခြင်း ရှိ/မရှိနှင့် ပြင်ပမူကြိုကျောင်းများကို မည်သည့်ဌာနက မည်ကဲ့သို့ ကြီးကြပ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။