(ဂ) အခြေခံပညာ ကျောင်းများ ဆောက်လုပ်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသော ပြတင်းပေါက်များ အစား PVC ပြောင်းလဲတပ်ဆင်ခြင်းကို တရားဝင် ခွင့်ပြုခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(ဂ)ဒေါက်တာစိန်မြအေး (ဒလမဲဆန္ဒနယ်) ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများ ဆောက်လုပ်ရာတွင် နိုင်ငံတော်မှ ပျဉ်းကတိုး ကျည်းပေါင်၊ ကျွန်းတံခါးရွက်များဖြင့် ပြုလုပ်ရန် ချမှတ်ထားသော ပြတင်းပေါက်များ အစား PVC ပြောင်းလဲတပ်ဆင်ခြင်းကို တရားဝင် ခွင့်ပြုခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဆောက်လုပ်ရာ တွင် နိုင်ငံတော်မှ ပျဉ်းကတိုးကျည်းပေါင်၊ ကျွန်းတံခါးရွက်များဖြင့် ပြုလုပ်ရန် ချမှတ်ထားသည့် ပြတင်းပေါက်များအစား PVC ပြောင်းလဲတပ်ဆင်ခြင်းကို တရားဝင် ခွင့်ပြုခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အတွက်ကြောင့် တပ်ဆင်ခွင့်ပြုရသည်ကို သိရှိလိုခြင်းနှင့် ထိုသို့ တန်ဖိုးနည်း PVC နှင့် ပြောင်းလဲတပ်ဆင်ခြင်းကြောင့် ပိုထွက်လာသည့် နိုင်ငံတော် ဘဏ္ဍာများ မဆုံးရှုံးစေရန် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် စီမံထားသည်ကို သိရှိလိုသည့်အတွက် မေးမြန်းခြင်း ဖြစ်ကြောင်း၊ ပြောင်းလဲတပ်ဆင်ခြင်းကြောင့် ပိုထွက်လာသည့် နိုင်ငံ့ဘဏ္ဍာများကို မည်ကဲ့သို့ ဆက်သုံးမည် ဆိုသည်နှင့် ပြောင်းလဲတပ်ဆင်းခြင်းကို တရားဝင် ခွင့်ပြုစာ ရှိ/မရှိ အဓိကထားပြီး မဲဆန္ဒရှင် ပြည်သူများကိုယ်စား သိရှိလိုသည့်အတွက် ဖြစ်ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး ခွင့်ပြု ဈေးနှုန်းနှင့် တွက်ချက်ထားသည့် ပစ္စည်းဖိုး၊ လက်ခပါ ပျဉ်းကတိုး တံခါးပေါင် ကျွန်းတံခါးရွက်၏ တန်ဖိုးသည် ၃၇၉၅၀၀ ကျပ်ဖြစ်ပြီး PVC ပြတင်းပေါက် တစ်ပေါက်၏ တန်ဖိုးသည် ၁၄၇၈၄၀ ကျပ်နှင့် ယှဉ်မည်ဆိုပါက အလွန်ကွာခြားနေသည့်အပြင် ခိုင်ခံ့သည့် နေရာတင် တစ်ခြားစီ ဖြစ်နေသည်ကို အားလုံးက သိပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထု နားလည်သည်က နိုင်ငံတော်က ပျဉ်းကတိုး တံခါးပေါင် ကျွန်းတံခါးရွက်အတွက် ဘဏ္ဍာရန်ပုံငွေ ချထားပြီးမှ PVC ပြတင်းပေါက်များကို တင်ဒါအောင်သူများက တပ်ဆင်လာခြင်းကြောင့် ပြတင်း တံခါး တစ်ခုပေါ်တွင် ၂၃၁၆၆၀ ကျပ် သက်သာလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွက် ပြတင်းပေါက် ၁၀၀၀ သာဆိုပါက နိုင်ငံ့ဘဏ္ဍာငွေ မြောက်များစွာ ၂၃၁.၆၆ သန်း သက်သာလာမည်ဆိုသည့် အကြောင်းဖြစ်ပါကြောင်း၊ ၎င်းငွေတန်ဖိုးများသည် ဆုံးရှုံးမှု ဖြစ်မည် ဆိုပါက နိုင်ငံပိုင်ဘဏ္ဍာ များစွာ နစ်နာနိုင်သည့်အတွက် မိမိ အပါအဝင် အားလုံးက စိုးရိမ်နေကြခြင်း ဖြစ်ပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာ ဌာနက ရှင်းပြရန် လိုပါကြောင်း၊
နိုင်ငံ့ဘဏ္ဍာငွေများ မဆုံးရှုံးစေရန် လိုလားကြသည့်အတိုင်း ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာ အသင်းဝင်များ ပါဝင်သည့် ကျောင်းဆောက်လုပ်ရေး ကြီးကြပ်ရေးအဖွဲ့များသည် သူတို့ ရပ်ရွာတွင် ရှိသည့် ကျောင်းများ အရည်အသွေး ပြည့်ဝစေလိုသည့် ဆန္ဒသည် ထာဝရဆန္ဒ သဘာဝ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ချထားရန်ပုံငွေအရ ရွာလူထုက ရွာတွင် ပျဉ်းကတိုး ကျည်းပေါင် ကျွန်းပြတင်းတံခါးများ၏ လုပ်ပေးမည်ဟု ယုံကြည်ပြီးမှ ရပ်ရွာလူထုကို U-PVC ပြတင်းတံခါးများသို့ ပြောင်းလဲတပ်ဆင်ရမည် ဖြစ်ကြောင်း ရှင်းပြသည့်အဆင့်ဖြင့် မလုံသည်ဟု မထင်ပါကြောင်း၊ မိမိတို့ ရပ်ရွာများ ဆင်းပြီး ဆောက်လက်စကျောင်းများကို ကွင်းဆင်း ကြည့်ကြသည့်အချိန်တွင် မည်သည့်အတွက် PVC ပြတင်းတံခါးများ ပြောင်းလဲ တပ်ရသနည်းဟု မေးပါက U-PVC Chowket-Detail စာရွက်ကို ထုတ်ပြပြီး တိုင်းဒေသကြီး ဆုံးဖြတ်ချက်အရ ပြောင်းလဲရကြောင်း ဖြေကြားကြပါကြောင်း၊ ပြောင်းလဲရခြင်း ကိစ္စအတွက် ဌာနက တရားဝင် ထုတ်ပြန်ပေးသည့် စာရှိသလား ဟု မေးသည့်အချိန်တွင် မဖြေနိုင်ကြကြောင်း၊ ထိုကဲ့သို့ ဌာနက တရားဝင် ရှင်းလင်းခွင့်ပြုစာ မတွေ့ရသည့်အတွက် တန်ဖိုးနည်း PVC ပြတင်းပေါက်များဖြင့် အစားထိုးထားခြင်းသည် ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ရွာလူထုအတွက် ဌာနက တမင်တန်ဖိုး လျှော့ ဆောင်ရွက်သလား တင်ဒါအောင်သည့် လူများနှင့် ပူးပေါင်းပြီး အမြတ်ထုတ်ကြ သလားဟု ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ရွာလူထုအတွက် ထင်ယောင်ထင်မှား သံသယများ ပွား နိုင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြလာသည့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးစံပြ ကျေးရွာမှ တင်ပြစာကို နမူနာဖြင့် ဖော်ပြထားသည့်အတွက် ကြည့်ရှုနိုင်ကြောင်း၊ ကိုယ်စားလှယ် များသည် မလိုလားအပ်သည့် ပြဿနာများ မဖြေရှင်းရခြင်းသည် သက်ဆိုင်ရာဌာနနှင့် ရပ်ရွာလူထုကြားတွင် စီမံကိန်းပါအတိုင်း မဆောင်ရွက်နိုင်မှုအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းချက် ပေးနိုင်ရန် အကြံပေးအပ်ပါကြောင်း၊ သို့မှသာ ပညာရေးဝန်ကြီးဌာန၏ စေတနာနှင့် လုပ်ဆောင်ချက် များအပေါ် ပြည်သူလူထုက နားလည်ပူးပေါင်း ဆောင်ရွက်လာမည် ဖြစ်ပါကြောင်း၊ အလားတူ တင်ပြစာများကို မိမိတို့ ဒလမြို့နယ် လွှတ်တော်ရုံးကို ထပ်မံ ရောက်ရှိလာသော်လည်း ယခုလို မေးခွန်းမေးမြန်းရန် အချက်အလက် လုံလောက်နေပြီ ဖြစ်သည့်အတွက် ပျော်ဘွယ်ကြီးရွာ၏ တင်ပြစာကို နမူနာပြပြီး ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းပါသည်။