(င)-စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအား သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျောင်းနေရာရွှေ့၍ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာသည့် စစ်ကိုင်းတောင်နှင့် ဧရာဝတီ မြစ်အကြား၊ စစ်ကိုင်းတောင် အရှေ့ဘက်ကမ်းပါးတွင် တည်ရှိပြီး စစ်ကိုင်းမြို့မှ ၎င်းရွာသို့ ရောက်အောင်သွားရန် အလွန်ပင်ခက်ခဲပြီး လမ်းများသည် ကောင်းမွန်ခြင်း မရှိသေးပါကြောင်း၊ ရွာသူ ရွာသားများသည် လုပ်စားကိုင်စားအခွင့်အလမ်း ရှားပါးလှပြီး အရှေ့တွင် ဧရာဝတီမြစ်၊ အနောက် တွင် စစ်ကိုင်းတောင်သာရှိပြီး လယ်ယာမြေ မရှိသည့် ဆင်းရဲနွမ်းပါးကြပါကြောင်း၊ အုတ်ဖို အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ရွာ၏ အနောက်ဘက် သဲသောင်ကုန်းစောင်း မညီမညွတ် ကျဉ်းမြောင်းလှသည့်နေရာတွင် ပြုပြင်တည်ဆောက်ထားခြင်းဖြစ်ပြီး မတ်စောက်ပြီး မညီမညွတ် သည့် လမ်းသာရှိသည့်အတွက် ကား၊ ဆိုင်ကယ်များလည်း ကျောင်းပေါ်ကို တက်၍ ဝင်၍ မရပါကြောင်း၊ ကျောင်းဆောင် အနောက်ဘက်၊ ကျောဘက်သည် သဲသောင်ကြီးဖြစ်ပြီး မိုးများ သည့် အချိန်တွင် မြေများပြိုကျသည့်အတွက် ရေရှည်တွင် ကျောင်းကို အန္တရာယ်ပြုလာမည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို အဆင်ပြေစေရေးအတွက် အုတ်ဖိုကျေးရွာ ဦးမောင်ဆွေ+ဒေါ်ရီ မိသားစုမှ ရွာတောင်ဘက် ရွာဦးဘုန်းတော်ကြီး ကျောင်းဘေးရှိ မြေတစ်ဧကကို ကျောင်းဆောက်ရန် လှူဒါန်းပြီး ဖြစ်သည့်အတွက် ယခုမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းကတော့ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသည် သဲသောင်ကုန်း ကမ်းပါးယံ ကျဉ်းမြောင်းသည့် နေရာတွင် တည်ဆောက်ထားခြင်း၊ မိုးများလျှင် ကျောင်း အနောက်ဘက် သဲသောင်မှ မြေများ ပြိုကျပြီး ကလေးများ အန္တရာယ် ရှိနေခြင်း၊ ကျောင်းသို့ တက်သော လမ်းသည် မတ်စောက်ကြမ်းတမ်းပြီး ကား၊ ဆိုင်ကယ် တက်၍ မရခြင်း၊ ပစ္စည်းများကို လူသယ်ယူနေရခြင်း စသည့် အခက်အခဲများ ရှိနေခြင်းကြောင့် အားလုံးအဆင်ပြေ စေရန်အတွက် မြေအလှူရှင်ကလည်း လှူဒါန်းပြီးဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကျောင်းနေရာ ရွှေ့၍ ဆောက်လုပ်ခွင့်ပြုပါရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ခွင့်ပြုပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။