(ဃ)-ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု(၂)ခု ပေးနိုင်ခြင်းရှိ/မရှိ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှုတို့ကို ပြဋ္ဌာန်းမှုရှိ၊ မရှိ နှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ထုတ်ပြန်ခြင်း ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
(ဃ)-အမျိုးသားစာပေဆုကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင် ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု(၂)ခု ခွဲခြားပေးနိုင်ခြင်းရှိ/မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံ စိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက်စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှုရှိ၊ မရှိ နှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်း ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
အမျိုးသားစားပေဆုကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆု ဆိုပြီး နှစ်ဆု ခွဲခြားပေးနိုင်ခြင်းရှိ၊မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်ပြီး ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှုသတ်မှတ်ချက် တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှု ရှိ၊မရှိကို မေးမြန်း သွားမည်ဖြစ်ပါကြောင်း၊ ကဗျာသည်လူတိုင်း၏ နှလုံးသားဖြစ်ကြောင်း၊ စာပေ၏ အနှစ် ဖြစ်ကြောင်း၊ ကဗျာကိုခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးနှင့်ရေးဖွဲ့ခဲ့ကြပါကြောင်း၊ ဂန္တဝင်ကဗျာ ဆိုသည်မှာ ကာရန်၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ အသံ၊ ကဗျာဂုဏ်မြောက်မှုများကို အဓိက ထားခြင်းဖြစ်ပြီး ခေတ်ပေါ်မော်ဒန်ကဗျာကို ခံစားမှုကိုပေါ်လွင်အောင် နက်နက်ရှိုင်းရှိုင်း ဦးစားပေးရေးဖွဲ့ခြင်းကို ဆိုလိုပါကြောင်း၊ ၁၉၅၇ ခုနှစ်၊ မြန်မာစာစံထားရွှေတံဆိပ်ဆုရ ဒေါ်ထားကြည်(B.A)၏ ကဗျာ့ အမြုတေများလေ့လာချက်ပါ ကဗျာကိုငါးမျိုးပိုင်းခြားနိုင်ပြီး ဒွေးချိုး၊ လေးချိုးတို့သည် အချိုးကဗျာ ထဲတွင်ပါပြီး ရတု၊ ရကန်၊ အဲချင်း၊ အိုင်ချင်းများသည် လေးလုံးစပ်ထဲတွင်ပါပါကြောင်း၊ ထင်ရှားသည့် ကျမ်းပြုစာဆိုတော်များဖြစ်ကြောင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူစသည်ဖြင့် ခေတ်အလိုက် ပြဋ္ဌာန်းဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ကဗျာများတွင်အသံပါသည့်အတွက်လည်း သီချင်းသဘောနွယ်သည့်ကဗျာ ၂၂ မျိုးရှိကြောင်း၊ ရကန်၊ ဩဇာ၊ သာချင်း၊ ကာချင်း၊ အဲချင်း စသည်ဖြင့် ရှိပါကြောင်း၊ လက်ဝဲသုန္ဒရအမတ်ကြီးရေးသည့် မဲဇာတောင် ခြေရတုအပိုဒ်စုံပါ၊ ဆရာဦးတင့်ဆွေ၏ကဗျာဖွဲ့နည်းနေသည်၊ နှစ်ဖက်လှပြုစုထားသည့် ကဗျာ လင်္ကာနှင့် နည်းဥပစာ၊ ဆရာဦးမြဇင်ပြုစုထားသည့် ကဗျာ့နေရီနှင့်နိမိတ်ပုံတို့ဖြစ်ပါကြောင်း၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် ကဗျာ များနှင့်လည်း ငယ်ငယ်ကတည်းကရင်းနှီးခဲ့ကြပါကြောင်း၊
ဆရာဇော်ဂျီ၏ဗေဒါလမ်း၊ ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ဆုတောင်းကဗျာများဖြစ်ပါကြောင်း၊ ဆရာမောင်ပန်းမိုး၏ ဘဝဆိုတာဝင်္ကပါကွယ်၊ ဒီမှာရစ်ခွေကြာခဲ့လေပြီ နေနှင့်လနှင့်တစ်လှည့်စီ ဆိုသည့်ကဗျာလေးများဖြစ်ကြောင်း၊ ခေတ်ရေစီး အလိုက်ကာရံမဲ့ကဗျာများလည်း ပေါ်ခဲ့ပါကြောင်း၊ ဆရာဒေါင်းနွယ်ဆွေ၏ အဆုံးမရှိသောအစ ကာရံမဲ့ကဗျာပါ၊ တန်ဖိုး ၁၀ကျပ်ခေတ် ကတည်းက ထုတ်ခဲ့ကြောင်း၊ ဆရာဇော်ဂျီသည် နောင်ရိုးမဲ့ကဗျာ ဆိုလျှင်ပိုပြီး ထိမိမည် ဟုပြောခဲ့ ပါကြောင်း၊ ဆရာဂျိုဇော်၏ ဝတ်ဖြူစင်ကြယ်၊ ဆရာပိုင်စိုးဝေ၊ ဆရာဝင်းတင့်ထွန်းတို့၏ ခေတ်ပေါ်ကဗျာ စာအုပ်များပါ၊ ကမ္ဘာတွင်လည်း ကင်ညာနိုင်ငံကကလေးကို သုံးကြောင်းကဗျာအတွက် ဒေါ်လာသုံးသန်း ကဗျာအဖွဲ့အစည်းကဆုချခဲ့ပါကြောင်း၊ I was born in black, so I am black ဖြစ်ပါကြောင်း၊ အသားအရောင်တစ်ခုတည်းပေါ်တွင်မဟုတ်ဘဲ လူမှုရေး၊ ဘာသာရေး၊ ပညာရေး အကုန်လုံးပေါ်တွင် အကျိုးသက်ရောက်လို့ဆုပေး ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗမာတွင်လည်း ဆရာ ချစ်ဦးညို၏ စာပေဟောပြောပွဲတွင် နှစ်ကြောင်းကဗျာလေး အကြောင်းကြားလိုက်ရပါကြောင်း၊ ကဗျာဆိုသည်မှာ သုံးကြောင်းရှိသော်လည်း နှစ်ကြောင်းတည်းနှင့် ပြသွားပါကြောင်း၊ ခေါင်းစဉ်သည် ဒုံးဒုံးဒက်ဒက် တုံးလုံးပက်လက်၊ ယခုနှစ်အမျိုးသားစာပေဆုချီးမြှင့်ပွဲကို နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ကိုယ်တိုင်တက်ရောက်ခဲ့ပါကြောင်း၊ စာရေးဆရာကြီးများနှင့်လည်း ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ပါကြောင်း၊ ယခုနှစ် အမျိုးသားစာပေကဗျာဆုကို ဆရာကိုသန်းထွန်း၏ ညဉ့်ပုံပြောသူ ဆိုသည့် ကဗျာကရရှိခဲ့ပါကြောင်း၊ မော်ဒန်ကဗျာဖြစ်ကြောင်း၊ ကာရန်နှင့် ဂန္တဝင်ကဗျာများ ကောင်းသကဲ့သို့ ခေတ်ပေါ်မော်ဒန်ကဗျာများလည်းကောင်းပါကြောင်း၊ စာပေမှာဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်၊ သုတပဒေသာစသည်ဖြင့် ခွဲခြားဆုပေးသကဲ့သို့ ကဗျာများတွင်လည်း ဂန္တဝင်ကဗျာဆုနှင့် မော်ဒန် ခေတ်ပေါ်ကဗျာဆုဆိုပြီး ခွဲခြားပေးသင့်သည့်အတွက် အမျိုးသား စာပေဆု ကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု(၂)ခု ခွဲခြားပေးနိုင်ခြင်းရှိ/မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံ စိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက်စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှုရှိ၊ မရှိ နှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်း ရှိ/မရှိ သိလို၍မေးမြန်းပါသည်။