(က)ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧကရာချီနှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(က)ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို နောင်အခါကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧကရာချီနှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပေါင်မြို့နယ်အတွင်းတွင် စားကျက်မြေများကို ထပ်မံ ကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့် ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧက ရာချီနှစ်ရှည် လုပ်ပိုင်ခွင့်ပြုထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ စားကျက်မြေများကို ကျေးရွာနေ ပြည်သူများအတွက် ရေရှည် အကျိုးမျှော်ကိုးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျွဲနွားများ စားကျက်မြေ မပပျောက်စေရန်နှင့် တိုးပွားလာသည့် လူဦးရေအတွက်ကို ကျေးရွာတိုးချဲ့ရန် ချန်လှပ်ထားသင့်သည့်အတွက် မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ ပေါင်မြို့နယ်အတွင်းတွင် စိုက်ပျိုး မွေးမြူရေးအတွက် မြေလွတ်၊ မြေရိုင်းများ မရှိပါကြောင်း၊ စားကျက်မြေများသာ ရှိပါကြောင်း၊ ကျေးရွာအုပ်စု ၂၃ အုပ်စုတွင် မူလစားကျက် မြေဧရိယာ ၅၅၄၈.၀၈ ဧကရှိသည့် အနက်မှ ဧရိယာ ၅၅၅.၁၈ ဧကကို ထုတ်နုတ်ထားပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် စားကျက်မြေဧက ၄၉၉၂.၈၈ ဧကအနက်မှ ယခုလက်ရှိ မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ်သူ အမည်ခံပြီး ဧက ၁၅၀ ကို ခွင့်ပြုပေးလိုက်ထားပါကြောင်း၊ နောက်ထပ် ကုမ္ပဏီတစ်ခုမှလည်း ဧက ၁၈၀ တောင်းခံထားသည်ကို ကြားသိရပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဧက ၃၈၀ ကို ယူထားပြီး မည်သည့်ကိုမျှ လုပ်ဆောင်ထားခြင်း မရှိပါကြောင်း၊
ကျွဲကော ဧက ၁၅၀ ခွင့်ပြုပေးထားသည့် လက်ပံတော ကျေးရွာရှိ စားကျက်မြေများသည် ခေတ်အဆက်ဆက် စိုက်ပျိုးထားသည့် တောင်သူများ ရှိပါကြောင်း၊ လယ်ယာမြေ တစ်ခုတည်းကို အားထားပြီး လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ဖြစ်ပါကြောင်း၊ အောက်ခြေက တောင်းပြီး ပြည်ထောင်စုအဆင့်က သိရှိခြင်း မရှိ ခွင့်ပြုနေမည်ဆိုပါက တကယ့်လက်ရှိ လုပ်ကိုင်နေသည့် လယ်သမားများသည် လယ်မဲ့ဘဝကို ရောက်ရှိမည် ဖြစ်ပါကြောင်း၊ လက်ရှိ အစိုးရသည် လယ်သိမ်းခံထားရသည့် လယ်သမားများကို လယ်ပြန်ရရှိအောင် ဆောင်ရွက်နေသည်ကို ပြည်သူအများ သိရှိပြီး ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် အောက်ခြေကျေးရွာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီများ၏ မရိုးမသား ဆောင်ရွက်နေသည်ဟု မြင်မိပါကြောင်း၊ လက်ပံတောရှိ စားကျက်မြေကို ကုမ္ပဏီမှ တောင်းခံသည့် အချိန်တွင် လက်ရှိလုပ်ကိုင်နေသည့် လယ်သမား ၆၀ ဦးက ရှေးနှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် လယ်သမားများ ဖြစ်ပါကြောင်း၊ ၎င်းကို ကျေးရွာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီမှ လယ်ယာလုပ်ကိုင်သူ မရှိဘူးဟု အစီရင်ခံစာကို တင်ပြပါကြောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီသည် အောက်ခြေတွင် စိစစ်ခြင်း မပြုဘဲ ပြည်နယ်ဝန်ကြီးချုပ်ထံကို မှားယွင်းသည့် အစီရင်ခံစာများကို တင်ပြခဲ့ကြောင်း၊ ဝန်ကြီးချုပ်နှင့် ပြည်နယ် ဆည်မြောင်း ဝန်ကြီးကလည်း ၎င်းအစီရင်ခံစာအတိုင်း မရှိဘူးဟု ခွင့်ပြုပါသည်ဟု ပြောကြားထားခြင်း ရှိပါကြောင်း၊
စားကျက်မြေကို တစ်ဦးတစ်ယောက် ဧကရာကျော် လုပ်ကိုင်ခွင့်ပေးခြင်းသည် ယခုလက်ရှိ ကျေးရွာလယ်ယာ လုပ်ကိုင်နေသည့် တောင်သူများနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ လက်ပံတော ကျေးရွာတွင် နေသည့် တောင်သူလယ်သမားများ၏ တိုင်ကြားချက်အရ ကျွဲကောစိုက်ပျိုးသည့် ကုမ္ပဏီက မြေကွက်ဖော်လုပ်ဆောင်ရာတွင် လယ်သမားများ၏ ရေစီး ရေမြောင်းကို ပတ်ဆို့သည့်အတွက် ရေထွက်ပေါက်များ မရှိသည့်အတွက် ရေကြီးရေလျှံမှုကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ မြေသားတမံများ ဧကရာကျော် ကာရန်ထားသည့်အတွက် ကုန်ထုတ်လမ်းများ ပိတ်ဆို့သည့်အတွက် လယ်ယာထုတ်ကုန်တွင် သယ်ထုတ်ရန်အတွက် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ ဒေသခံ တောင်သူများနှင့် အဆင်မပြေမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရင်း များစွာရှိပါကြောင်း၊ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ကျေးရွာပြည်သူများသည် ကျေးရွာကို တိုးချဲ့ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပေါင်မြို့နယ်တွင် မြေလွတ်၊ မြေရိုင်း မရှိသည့်အတွက် စားကျက်မြေကို အားထားရမည် ဖြစ်သည့်အတွက် ရေရှည်အကျိုးကို မျှော်ကိုးပြီး ပေါင်မြို့နယ်အတွင်းရှိ စားကျက်မြေများကို နောင်အခါကျေးရွာတိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာကုမ္ပဏီနှင့် လူတစ်ဦး တစ်ယောက်ကို ဧကရာချီနှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။