(ဂ)ရွှေကူမြို့နယ်တွင် လမ်းခင်းကျောက်များ မည်မျှထုတ်လုပ်ထားသနည်းနှင့် တရားဝင် ကျောက်ကျင်းအရေအတွက်နှင့် မြေပြင်တွင် ကျောက်ကျင်းအရေအတွက်တို့ ကိုက်ညီမှု ရှိ/မရှိသိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
(ဂ)ရွှေကူမြို့နယ်တွင် လမ်းခင်းကျောက်များ ထုတ်လုပ်လျက်ရှိရာ နှစ်အလိုက် ကျောက်ထုတ်လုပ်မှု မည်မျှ ထုတ်လုပ်ထား သနည်းနှင့် ကျောက်လုပ်ငန်းရှင်များမှ တရားဝင် လျှောက်ထားသော ကျောက်ကျင်း အရေအတွက်နှင့် မြေပြင်တွင် အမှန်တကယ် ထုတ်လုပ်ခဲ့သော ကျောက်ကျင်း အရေအတွက်တို့ ကိုက်ညီမှု ရှိ/မရှိသိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်အနေဖြင့် ကွင်းဆင်းဆောင်ရွက်သည့် နေရာ၌ မြေပြင်တွင် ကျောက်ကျင်း အရေအတွက် ထုတ်လုပ်ထားသည်နှင့် လျှောက်ထားဆဲသည် များစွာ ကွာဟနေပါကြောင်း၊ အမှုတွဲကို သက်ဆိုင်ရာဌာနတွင် တောင်းကြည့်သည့် အချိန်တွင် လျှောက်ထားဆဲ လုပ်ငန်းရှင် ၁၁ ဦး ရှိပါကြောင်း၊ ၁၁ ဦးတွင် လျှောက်ထားဆဲဟု ဆိုပြီး ကျောက်ကျင်း အရေအတွက်ကို ကျင်း ၁၀၀ စီ လျှောက်ထားပါကြောင်း၊ တကယ်တမ်း မြေပြင်တွင် ထုတ်လုပ်သည်များကို ချဉ်းကပ်ပြီးမှ ပြန်လေ့လာသည့်အချိန်တွင် မိမိတို့ ရွှေကူမြို့နယ်၏ သာစည်၊ ညောင်ကုန်းတွင် ရှိသည့် ရေကာတာ လုပ်ငန်းကို မိမိတို့ သွားရောက်ပြီး ချဉ်းကပ်လေ့လာချိန်တွင် ကျောက်ကျင်းရေ ၉၀၀ ၎င်းတို့ ဝယ်ယူထားပါကြောင်း၊ ထို့ပြင် ကျေးလက်လမ်းကို ပြန်ပြီးမှ သွားရောက်လေ့လာသည့်အချိန်တွင် ကျင်းရေ ၈၀၀ ကျော်အထိ ဝယ်ယူထားသည်ကို တွေ့ပါကြောင်း၊ ၎င်းနှစ်ခုပေါင်းကို ကျင်းရေသည် ၁၇၀၀၀ ခန့် ရှိပါကြောင်း၊ ထို့ကြောင့် ၁၁ ဦး ပေါင်းပြီး တွက်ပါက ကျင်းရေ က ၁၁၀၀ သာ ရှိပါကြောင်း၊ ထို့ကြောင့် များစွာ ကွာဟနေသည်ကို တွေ့ရပါကြောင်း၊ ကျောက်ထုတ်လုပ်သည့် နေရာမှာလည်း အရည်အသွေးများ မပြည့်မီကြောင်းကို မိမိတို့ တွေ့ရကြောင်း၊ ကျောက်အရည်အသွေး မပြည့်သည့်အတွက် ဝယ်ယူသည့် တင်ဒါ လုပ်ငန်းရှင်များသည် ဈေးကို နှိမ်ပြီးမှ ဝယ်ကြောင်း၊ နှိမ်ပြီးမှဝယ်သည့်အတွက် တကယ်တမ်း ၎င်းကို အဓိက သုံးစွဲရသည်က မိမိတို့၏ ပြည်သူ့ဘဏ္ဍာငွေ ဖြစ်ကြောင်း၊ အဓိကက ပြည်သူ၏ အကျိုးကို ထိခိုက်စရာ ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်အရည်အသွေးကို ထည့်သွင်းပြီး ပြောကြားခြင်း ဖြစ်ပါကြောင်း၊ ကျောက်ထုတ်လုပ်သည့် နေရာတွင် လျှောက်ထားသည့်အချိန် အင်မတန် ကြန့်ကြာသည့်အတွက် များစွာ အဂတိတရားများ ဖြစ်ပေါ်စေပါကြောင်း၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မိမိတို့ အစိုးရလက်ထက်တွင် တရားဝင်ထုတ်လုပ်သည် ကျောက်ကို လျှောက်ထားသည့် လုပ်ငန်းရှင်များသည် တရားဝင် ဖြစ်သွားခြင်း မရှိ၊ လျှောက်ထားဆဲ ထိုကဲ့သို့ သွားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်က ရသင့်သလောက် မရဘဲ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုသာ ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် မိမိ၏ မေးခွန်းမေးရသည့် ရည်ရွယ်ချက်သည် တရားဝင် လုပ်ငန်းများ ဖြစ်ထွန်းစေပြီးမှ ကျောက်အရည်အသွေးများ ပြည့်မီရန် ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံခန့်ခွဲသည့် ဌာနမှ လုပ်ငန်းရှင်များအကြားတွင် အဂတိမ ဖြစ်ပေါ်စေရေး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာကို ပြည့်မီစွာ ရရှိပြီးမှ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ကျောက်များကို ထုတ်လုပ်သည့် နေရာနှင့် ဝယ်ယူသုံးစွဲသည့် တင်ဒါလုပ်ငန်းရှင်ကြားတွင် ပြန်လည်ပြီးမှ သုံးသပ်စိစစ် သင့်သည်ဆိုသည့်အကြောင်း အကြံပြုလိုပါကြောင်း၊ ဈေးနှုန်း ကွာဟမှုကြောင့် အဂတိတရားများ ဖြစ်ပေါ်စေပြီး လုပ်ငန်းတွင် အရည်အသွေးပိုင်းများ ထိခိုက်ခြင်းဖြစ်သည့်အတွက် အားလုံး မှန်မှန်ကန်ကန်ဖြင့် လည်ပတ်စီးဆင်းနိုင်သည့် အခြေအနေမျိုး ဖြစ်စေရန် ဆောင်ရွက်သင့်သည်ဆိုသည့်အကြောင်း အကြံပြုလိုပါကြောင်း၊ ပြီးခဲ့သည့်ပတ်တွင် ခရိုင် အုပ်ချုပ်ရေးမှူးက ကျောက်လုပ်ငန်းနှင့်ပတ်သက်ပြီး ကွင်းဆင်းမှုများ ရှိပါကြောင်း၊ ၎င်းကို ပွင့်လင်းမြင်သာမှု ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက် ဆောင်ရွက်သင့်သည်ဟု အကြံပြု ဆွေးနွေးလိုပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် လမ်းခင်း ကျောက်များ ထုတ်လုပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျောက်ထုတ်လုပ်မှု ပမာဏများအား ကျင်းအရေအတွက်အားဖြင့် မည်မျှ ထုတ်လုပ်ထားသနည်းနှင့် ကျောက်လုပ်ငန်းရှင် များမှ တရားဝင် ထုတ်လုပ်ရန် လျှောက်ထားသော ကျင်းအရေအတွက်နှင့် မြေပြင်တွင် အမှန်တကယ် ထုတ်လုပ်ခဲ့သော ကျင်းအရေအတွက် ကိုက်ညီမှု ရှိ/မရှိကို သိလိုကြောင်း မေးမြန်းပါသည်။