(ခ)မင်းကင်းမြို့နယ်ရှိ ဝေးလံခေါင်ဖျားဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ဒေသစရိတ် မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-01

ခေါင်ဖျားသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ဒေသစရိတ် မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ ဖြစ်ပါကြောင်း၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါစာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ စာနှစ်စောင်ကို ရည်ညွှန်းပြီး လူမှုရေးသင့်တင့် သည့် မြို့/ကျေးရွာ အုပ်စုများ စာရင်းကို ဖော်ပြခဲ့ပါကြောင်း၊ ဝန်ထမ်းများ ဒေသစရိတ် ရရှိခြင်းကို ဝမ်းသာရမည် ဖြစ်သော်လည်း ရသင့်သည့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်ကြသည့် ဆရာဆရာမများက ၎င်းတို့ ဒေသစရိတ် မရရှိကြခြင်းကို မိမိ၏ ခရီးစဉ်များတွင် ငိုယိုပြီး တိုင်တန်းကြပါကြောင်း၊ ဒေသစရိတ် ရသည့်သူက မရသည့်သူနှင့် ယေဘုယျအားဖြင့် လစဉ်ငွေကျပ် ၇၀၀၀၀ ခန့် ကွာခြားပြီး တစ်နှစ်လုံးဆိုပါက ကိုးသိန်းခန့် ဖြစ်သည့်အတွက် ၎င်းတို့တွင် နှစ်စဉ် ရွှေတစ်ကျပ်သားခန့် ကျပျောက်နေသည့် ပုံစံ ဖြစ်နေပါကြောင်း၊ ဒေသစရိတ် ရရှိရေးအတွက် စိစစ်ရမည့် အခြေခံအချက် (၁၁)ချက်ကို ပြည်ထောင်စု ဝန်ကြီးဌာနက ချမှတ်ပေးထားခြင်း ဖြစ်ပြီး ၎င်းသည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်း ဆက်သွယ်မှု ခက်ခဲခြင်း၊ ဆက်သွယ်ရေး စနစ် ခက်ခဲမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစနစ် ဖွံ့ဖြိုးမှု၊ လျှပ်စစ်ဓာတ်အား လုံလောက်မှု၊ စီးပွားရေး လုပ်ငန်းများ ဖြစ်ထွန်းမှု၊ ရာသီဥတု အခြေအနေ၊ လူမှုပတ်ဝန်းကျင် ခက်ခဲမှုနှင့် စက်သုံးဆီ ဖြန့်ဖြူးပေးနိုင်မှု စသည်တို့ ဖြစ်ပါကြောင်း၊ ၎င်းအချက်များကို အမှတ်ပေးစနစ်နှင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ နယ်မြေကျွမ်းကျင်သူများက စိစစ်အကဲဖြတ်ပြီး မြို့နယ်တစ်ခုလုံး ရရှိသင့်သည်ဟု တင်ပြခဲ့သည်ကို သိရပါကြောင်း၊ သို့သော် ပြည်ထောင်စုအစိုးရက သတ်မှတ် ပေးသည့်အချိန်တွင် တစ်မြို့နယ်လုံး အနေဖြင့် မရရှိကြောင်း၊ အထူးသဖြင့် ရရှိသင့်သည့် ကျေးရွာအုပ်စုများ ကျန်နေခဲ့ပါကြောင်း၊

ဥပမာ မေက္ကတော် ချောင်းဖျားဒေသသည် ခေါင်ဖျားပါကြောင်း၊ မြစ်ဘက်မှ သွားမည်ဆိုပါက ဝေးကြောင်း၊ ရေဦး-ကလေးဝ ကားလမ်းသည်လည်း ဝေးကြောင်း၊ ကြားထဲတွင် ဖြစ်နေသည့် အခေါင်ဆုံး ဆိုသည့် စမြင်အုပ်စုက ရွာတော်နှင့် ရွာမ နှစ်ရွာလည်း ကွက်ပြီး ကျန်နေပါကြောင်း၊ ထို့အတူ တောင်တွင်း ဒေသွင် ၁၅ အုပ်စု ရှိပြီး ၁၀ အုပ်စုသာ ရကြောင်း၊ ငါးအုပ်စုသည် မရပါကြောင်း၊ ၎င်းမရသေးသည့် အထဲတွင် ထုံးကြီးဆိုသည့် အုပ်စုသည် မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး သွားလာရေး ခက်ခဲသော်လည်း စာရင်းတွင် ကျန်နေပါကြောင်း၊ ထို့အတူ မြေနီ၊ မြို့မ၊ ကြာပင်၊ မယ်မဲ အုပ်စုများသည်လည်း ရသင့်သည့် ကျေးရွာအုပ်စုများသာ ဖြစ်ပါကြောင်း၊ မြစ်ရိုး အထက်ပိုင်းဒေသတွင် ကျေးရွာအုပ်စု ၁၁ ခုဖြစ်ပြီး ကိုးအုပ်စုက ရသော်လည်း ကျန်နေသည့် ကြွေနှင့် ရှားတောတို့သည် မြို့နှင့် အဝေးဆုံးဖြစ်သည့်အတွက် ပိုပြီး ရသင့်သည့် နေရာများ ဖြစ်ပါကြောင်း၊ တောင်တန်း ဒေသတွင် လောင်းတည်အုပ်စုသည် ပုထိုးလုံးချောင်း၏ အခြားတစ်ဖက်တွင် ရှိပြီး သွားလာရေး ပိုမိုခက်ခဲသည့်အတွက် ပေးသင့်သည့် အုပ်စုဖြစ်ပါကြောင်း၊ သို့သော် မရသေးပါကြောင်း၊ ဆရာဆိုသည် ပီတိကို စားပြီး အားရှိအောင် နေရသည့် ဘဝများ ဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ ရှားပါးစရိတ်ရရှိပါက မနီးမဝေးတွင် Criteria တူသည့် နေရာတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဆရာမများသည် ရှားပါးစရိတ် လိုချင်သည့်ကိစ္စသည်  လောဘတက်ခြင်း မဟုတ်ကြောင်း၊ Right ကို မရသည့်အတွက် တောင်းဆိုခြင်းသာ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များ၏ Mismanagement နှင့် Misconduct ကြောင့် အခုလို နစ်နာနေရသည့် ဝန်ထမ်းများ၏ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တင်ပြခြင်း၊ တစ်နည်းအားဖြင့် Check and Balance လုပ်ပေးခြင်းသည် အစိုးရကို အတိုက်အခံ လုပ်နေခြင်း မဟုတ်ဘူးဆိုသည်ကို နားလည် ပေးစေချင်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ကဲ့သို့ အခြားမဲဆန္ဒနယ်များတွင် မှားယွင်းမှုများ ရှိနေနိုင်သည်ကို သတိပြုစေလိုပါကြောင်း၊ ထို့ကြောင့် နိဂုံးချုပ်အားဖြင့် မင်းကင်းမြို့နယ်တွင် ဒေသစရိတ် ရသင့်သော်လည်း ကျန်ရှိနေသည့် ကျေးရွာအုပ်စု ကိုးခုဖြစ်သည့် စမြင်၊ ထုံးကြီး၊ မြေနီ၊ မြို့မ၊ ကြာပင်၊ မယ်မဲ၊ ကြွေ၊ ရှားတောနှင့် လောင်းတည်အုပ်စုတို့ကို ဝေးလံခေါင်သီပြီး လူမှုရေး ခက်ခဲသော ဒေသများအဖြစ်ဖြင့် ထပ်မံပြီး ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ပါသည်။