(စ) ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံမှ မကြာခဏပျက်နေသော ဂျင်နရေတာ အမှတ် (၁) အား အသစ်တပ်ဆင်ခြင်း သို့မဟုတ် အမြန်ပြင်ဆင်ပေးခြင်းပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံ၏ Unit (1) မကြာခဏ ပျက်နေမှုနှင့် ပတ်သက်၍ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းကို ၂၀၀၂-၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၁-၁၂ ခုနှစ်တွင် ပျက်စီးခဲ့ပါကြောင်း။ ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ် အဆောက်အအုံများ ၏ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၃၀,၈၈၈ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၈.၄၄ သန်းရှိပါကြောင်း။ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှု ၃၇၀ ကီလိုဝပ်နာရီသန်းပေါင်းရှိပြီး စက်တပ်ဆင်စွမ်းအားသည် ၃၇ မဂ္ဂါဝပ် နှစ်လုံး၊ ၇၄ မဂ္ဂါဝပ် ဖြစ်ပါကြောင်း။ ၎င်းစက်ရုံသည် နိုင်ငံအတွက် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေး၍ နိုင်ငံ့ဝင်ငွေရစေပြီး အောက်ဘက် ပွင့်ဖြူမြို့နယ်မှ လယ်ဧက ၉၀,၀၀၀ ကျော် နွေစပါး စိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေနိုင်ပါကြောင်း၊
သို့သော် စက်စတင်လည်ပတ်ချိန်မှစပြီး ပြဿနာများရှိခဲ့သည်မှာ ယခုအချိန်ထိရှိဆဲဟု သိရပြီး မကြာခဏ စက်ချို့ယွင်း ရပ်နားထားရပါကြောင်း။ ဤနေရာတွင် အခက်အခဲတစ်ခုမှာ အထက်ဘက် မုန်းတမံနှင့် အောက်ဘက် ကြီးအုံကြီးဝတမံသည် ရေမိုင် ၂၂.၅ မိုင်သာရှိပြီး နီးကပ် လွန်းနေပါကြောင်း၊ ရေဆင်းကောင်းသည့်မုန်းချောင်းနှင့် မုန်းစက်ရုံမှရေများ ဆီမီးချောင်း၊ ကြီးချောင်းမှ ရေများစီးဝင်ပြီး ကြီးအုံကြီးဝရေအားလျှပ်စစ်စက်ကို လည်ပတ်ပါကြောင်း၊ ကြီးအုံ ကြီးဝ Generator များ ချို့ယွင်း၍ရပ်ထားရပါက စိုက်ပျိုးရေးပေါက်မှလည်း ထုတ်လို့မရလျှင် တမံကြီးသည် အလုံပိတ်လှောင်ထား၍ ရေလှောင်ပမာဏမြင့်တက်လာပြီး တမံနှစ်ခုကြား ရေကန်ကြီး ထဲမှ မိမိတို့မြို့နယ် ပတ်ဝန်းကျင်ရွာများ၊ လယ်ယာများ နှစ်စဉ်နီးပါး နစ်မြုပ်ကြ ရေဘေးကြုံကြရပါကြောင်း။ မိုးတွင်းကာလရေကြီးချိန်တွင် စက်ပျက်၍နစ်မြုပ်ရပြီး။ ဆောင်းဦး ပေါက်နှင့် နွေကာလ ရေကျပြီးလယ်ယာများပြန်ပေါ်ချိန်တွင် တစ်သီးလေးစားလို့စားရငြား စွန့်စားပြီးစိုက်ပြန်သော်လည်း ယခုလို စက်နှစ်လုံးလုံးရပ်ထားရသည့်အတွက် အကြိမ်ကြိမ် နစ်မြုပ် ဆုံးရှုံးရပါကြောင်း၊
စက်အမှတ်(၁)သည် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ယနေ့အထိ ပျက်နေပြီး စက် အမှတ်(၂)သည်လည်း ၁၀.၁၂.၂၀၁၉ ရက်နေ့တည်း က ပြုပြင်ရန်ရပ်ထားရကြောင်း၊ စိုက်ပျိုးရေ ပေါက်မှလည်း မထုတ်နိုင်ဘဲ ရေတစ်ပြီး ကျေးရွာအုပ်စု ရှစ်ခု၊ ကွင်း ၁၂ ကွင်းမှ တောင်သူ ၁၅၆ ဦး၏ ပဲမျိုးစုံ ၁၆၄ ဧကမှာ မကြာသေးခင်ရက်ပိုင်းက ပျက်စီးခဲ့ပါကြောင်း၊ စေတုတ္တရာမြို့နယ် အောက်ဘက် သုံးမိုင်အကွာ မြေနီကုန်းကျေးရွာအထိ ကြီးအုံကြီးဝ တမံရေဝပ်ဧရိယာတွင် မပါဝင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဇူလိုင်လ တမံစမ်းသပ်ပိတ်သည့် အချိန်တွင် ရိတ်လုသိမ်းလုဆဲ ပဲခင်း၊ နှမ်းခင်းများ နစ်မြုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မိုးရာသီတွင်လည်း ရေပြင်ကြီးတက်လာပြီး ထပ်မံနစ်မြုပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် မိုးရာသီနစ်မြုပ်ချိန်တွင် စေတုတ္တရာ နှင့် မြေနီကုန်း ကျေးရွာကြား ကွင်းအမှတ် ၉၁၊ ၉၂၊ ၉၃(က)၊ ၉၃ (ခ)၊ ၁၀၀၊ ၁၀၁၊ ၁၀၂ ကွင်းများမှ ဦးပိုင်ပေါက် အခွန်ပြေစာ သွင်းလယ်ယာမြေများကို မည်သည့်နစ်နာကြေး၊ လျော်ကြေး၊ အစားထိုး မြေယာမှျ မပေးဘဲနှင့် ကြီးအုံကြီးဝ တမံရေဝပ်ဧရိယာ သတ်မှတ်လိုက်သည့်အတွက် အတိဒုက္ခ ရောက်ခဲ့ ကြပါကြောင်း၊
တာဝန်ရှိသူမှ ရေနစ်သည့်နေရာတွင် ဆင်းစိုကလျှင် နစ်မည်ဆိုသည့် သတ်မှတ်ချက် အောက်တွင် ဘိုးဘွားပိုင် ဦးပိုင်ပေါက်လယ်ယာများသည် နစ်မြုပ်ပျက်စီးသမျှ မည်သည့်သီးနှံ လျော်ကြေးမျှမရ ရှိခဲ့ကြပါကြောင်း၊ ထို့ကြောင့် ဤလယ်ယာမြေများအတွက် အစားထိုးမြေယာများ ဖော်ထုတ် ပေးရန် တိုင်းအစိုးရကိုတင်ပြထားသည်မှာ သုံးနှစ်လောက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် နစ်နာ ပေးဆပ်ခဲ့ရသည့် တောင်သူများကို လယ်ယာမြေအသစ်များ ဖော်ထုတ်ပေးမှ စေတုတ္တရာ ပြည်သူများ စားဝတ်နေရေးအဆင်ပြေမည်ဖြစ်၍ အားကိုးတကြီးနှင့် စောင့်စားနေကြ၊ မျှော်လင့် နေကြပါကြောင်း၊ Generator အမှတ်(၁) မကြာခဏပျက်နေခြင်းသည် တိုင်းပြည်အတွက် နစ်နာသကဲ့သို့ မိမိတို့ စေတုတ္တရာမြို့နေ တောင်သူများအတွက် ထိခိုက်နစ်နာရသည့်အတွက် မိမိ အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံမှ မကြာခဏ ပျက်နေသည့် Generator အမှတ်(၁)အား အသစ်တပ်ဆင်ပေးခြင်း သို့မဟုတ် အမြန်ပြင်ဆင်ပေး ခြင်း ပြုလုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။