(က)-ဆောမြို့နှင့်ချင်းပြည်နယ်၊ကန်ပက်လက်မြို့လမ်းပေါ်နှင့်ဆောမြို့နယ်၊ကံကြီးရွာ-မင်းတပ်-မတူပီထွက်ပေါက်လမ်းပေါ်တို့တွင်အဝင်/အထွက်ကားများအားမောင်းတံဂိတ်များဖွင့်လှစ်ကောက်ခံစစ်ဆေးနေခြင်းကိုရုပ်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-01

(က)မကွေးတိုင်းဒေသကြီး၊ ဆောမြို့နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထွက်ပေါက်လမ်းပေါ်နှင့် ဆောမြို့နယ်၊ ကံကြီးရွာ-မင်းတပ်-မတူပီထွက်ပေါက်လမ်းပေါ်တို့တွင် ဝါးတားဂိတ်ပြုလုပ်၍ ဓာတ် သတ္တုခွန်ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊ မင်းတပ်မြို့ အဝင်/ အထွက် ကားများအား မောင်းတံဂိတ်များ ဖွင့်လှစ်ကောက်ခံစစ်ဆေးနေခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်း ချင်းပြည်နယ်၊ ကန်ပက်လက် ဂိတ်များဖွင့်လှစ်၍ ဓာတ်သတ္တုခွန်‌ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊  မင်းတပ်မြို့ အဝင်/အထွက်ကားများအား မောင်းတံ ဂိတ်ဖွင့်လှစ်စစ်ဆေးနေခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်းမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့၏ မကွေးတိုင်းဒေသကြီး ထွက်ပေါက် လမ်းများပေါ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ ဝါးတား မောင်းတံဂိတ်များပြုလုပ်၍ ချင်းပြည်နယ် အဝင်/အထွက်ယာဉ်များကို စစ်ဆေး လက်မှတ်ရေး ထိုးစေခြင်းများ ပြုလုပ်ခြင်းသည် ၂၀၁၈ ခုနှစ် ကတည်းကဖြစ်ပါကြောင်း၊ နိုင်ငံသူ/နိုင်ငံသား များအနေဖြင့် အစိုးရသတ်မှတ်သည့်အခွန်အရပ်ရပ်ကို ပေးဆောင်ရန် တာဝန်တစ်ရပ် ဖြစ်သည်မှာ မှန်သော်လည်း ပြည်နယ်/တိုင်းဒေသကြီးများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တိုင်းရင်းသား ဒေသများတွင် ယခင်က ခေတ်အဆက်ဆက်မတားဆီးခဲ့ဖူးသည့် မောင်းတံဂိတ်များ ဖွင့်လှစ်ထား ရှိြခင်းသည် ပြည်မနှင့်ချင်းတိုင်းရင်းသား၊ ချင်းပြည်သူများအကြား အထင်အမြင် လွဲမှားမှုများ၊ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊

၂၀၁၅ ခုနှစ် ပြည်သူတင်မြှောက်သည့် ပြည်သူ့အစိုးရလက်ထက် မြန်မာနိုင်ငံအနှံ့အပြား ဖွင့်လှစ် ထားရှိသည့် မလိုအပ်သည့်ဂိတ်များ၊ ငွေကောက်ခံမှုများကို ပြည်သူများ စိတ်အနှောင့်အယှက် အဟန့်အတားမဖြစ်ပေါ်စေရေး ဖယ်ရှားရှင်းလင်းခဲ့ခြင်းများ ရှိပါကြောင်း၊ ယခုကဲ့သို့ ၂၀၁၅ ခုနှစ် ပြည်သူ့အစိုးရလက်ထက်ရောက်တွင် တိုင်းရင်းသားဒေသထွက်ပေါက်များတွင် ဂိတ်များဖွင့်လှစ် စစ်ဆေးနေခြင်းသည် ချင်းတိုင်းရင်းသားပြည်သူများအတွက် များစွာစိတ် အနှောင့်အယှက် ဖြစ်ရပါကြောင်း၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး တည်ဆောက် ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အုတ်၊ သဲ၊ ကျောက်များကို မကွေးတိုင်းဒေသကြီးအတွင်း ကသာအမှီပြု ဝယ်ယူကြရခြင်းဖြစ်ပါကြောင်း၊ သဲကျောက်နှင့် ဓာတ်သတ္တု အခွန်များကိုတိုင်းဒေသကြီး မှ မှန်ကန်စွာရရှိ‌ရန် နှစ်စဉ်သဲကျောက် ထုတ်ယူခွင့် လိုင်စင်ရရှိထားသူများကို တိုက်ရိုက်အခွန် ပေးသွင်းစေပြီး သဲကျောက်ဝယ်ယူသူများထံမှ အခွန်အတွက်ပါအပြီးအစီး ‌ဈေးနှုန်းသတ်မှတ် ရောင်းချကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ချင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ အခွန်အရပ်ရပ်ကို ထမ်းဆောင်ရန်ငြင်းဆန်နေြခင်းမဟုတ်ကြောင်း၊ မလိုလားအပ်သည့် မောင်းတံ ဂိတ်များဖွင့်လှစ်၍ စစ်ဆေးခြင်း၊ လက်မှတ်ရေးထိုးစေခြင်းများအပေါ် မသင့်တော်ဟု ခံယူကြြခင်း သာဖြစ်ပါကြောင်း၊ ကန်ပက်လက်မြို့နယ်နှင့်  မင်းတပ်မြို့နယ်များသည် ပကတိအေးချမ်းတည်ငြိမ် သည့် မြို့နယ်များဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများသည့် မြို့နယ် များဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယာဉ်အဝင်/အထွက်များကို တားဆီးစစ်ဆေးနေခြင်းသည် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက်လည်းများစွာ စိတ်အနှောင့်အယှက်အဟန့်အတား ဖြစ်စေပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ အကြား မပြေလည်မှုများ၊ အထင်အမြင်လွဲမှားမှုများမဖြစ်ပေါ်စေရန် ဒေသအတွင်း တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်စွာရေရှည်အတူ ယှဉ်တွဲနေထိုင်ရေးတို့ကို ဦးတည်၍ ချင်းတိုင်းရင်းသားပြည်သူများကိုယ်စား စစ်ဆေးရေးဂိတ်များကို ရုပ်သိမ်းပေးရန် အစီ အစဉ်ရှိ/မရှိ မေးမြန်းပါသည်။