(ခ)-မောင်တောမြို့ (၄)မိုင်ရပ်ကွက်သို့ မြကန်သာကန်တော်ကြီးမှ သောက်သုံးရေ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့ (၄)မိုင်ရပ်ကွက်နေ ပြည်သူများအတွက် မြကန်သာ ကန်တော်ကြီးက ရေပိုက် ဆက်သွယ်ပြီး သောက်သုံးရေ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းသွားမည်ဖြစ်ကြောင်း၊
မောင်တောမြို့သည် ရပ်ကွက် ခြောက်ခုဖြင့် ဖွဲ့စည်းထားသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ အမှတ် (၁) ရပ်ကွက်မှ အမှတ်(၅)ရပ်ကွက်အထိ မြို့မ ဧရိယာအတွင်းတွင် တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းတည်ရှိပြီး ယခင် အမှတ်(၆) ရပ်ကွက် ယခု (၄)မိုင်ရပ်ကွက်သည့် မြို့မမှ လေးမိုင် အကွာအဝေး မောင်တော-ဘူးသီးတောင်မြို့နှင့် ဆက်သွယ်ထားသည့် ကားလမ်းမကြီးဘေးရှိ မေယုတောင်ခြေရင်း တည်ရှိထားသည့် ဆင်ခြေဖုံး ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊
မောင်တောမြို့သည် ယခင် အမှတ်(၆)ရပ်ကွက်ဟု ခေါ်ပြီး ယခု (၄)မိုင်ရပ်ကွက်သည် တောင်သူ လယ်သမား အများစု ရွာသူ၊ ရွာငယ် ၁၀ ရွာ၊ အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၄,၀၀၀ ကျော်ခန့် နေထိုင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည့်အပြင် ရပ်ကွက်အတွင်းတွင် အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ရင်းတစ်ရင်း မိသားစု ၃၀၀ ခန့်၊ သစ်တော ဦးစီးဌာန မိသားစု ၃၀ ခန့်၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန (လ.ဝ.က) ဝန်ထမ်းမိသားစု ၂၀ စုခန့်၊ မြန်မာ့စီးပွားရေး ဘဏ် မိသားစု ၃၅ စု၊ အ.ထ.က(ခွဲ)ပညာရေး မိသားစု ၃၅ စုအပါအဝင် စုစုပေါင်းလူဦးရေ ၅,၀၀၀ ကျော် မှီတင်းနေထိုင်သည့် ဆင်ခြေဖုံးရပ်ကွက် တစ်ခု ဖြစ်ပါကြောင်း၊ မေယုတောင်ခြေရင်း ရပ်ကွက်တစ်ခု ဖြစ်သည်နှင့်အညီ ရွာသိမ်၊ ရွာငယ်များနှင့် ဌာနဆိုင်ရာ မိသားစုနေရာ အဝိုင်းတိုင်းတွင် အဝီစိတွင်း ရေတုံကင်များ ကိုယ်ထူကိုယ်ထ တူးဖော်ပြီး သောက်သုံးရေများကို အသုံးပြုနေကြသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစပြီး မြေအောက်ရေလွှာရှားပါး လာမှုကြောင့် နှစ်စဉ် မတ်လမှစ၍ ရပ်ကွက်အတွင်းတွင် အဝီစိတွင်း ရေတုံကင်မှရေများ မရနိုင်သည့်အတွက် မြို့ပေါ်ဌာနဆိုင်ရာများ နှင့် ရေအလှူရှင် အကူအညီများကိုသာ မှီခို အားထားနေရသည့် ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊
ရေပိုက်ဆက်သွယ် သောက်သုံးရေ ရယူနိုင်သည့် မြကန်သာ ကန်တော်ကြီးသည် မောင်တောမြို့မမှ သုံးမိုင်ခန့်အကွာ မေယုတောင်ခြေရင်းအတွင်းတွင် တည်ရှိပြီး မြို့ပေါ်ရပ်ကွက် ငါးခု ပြည်သူများ အတွက် သုံးမိုင်အရှည် ရေပိုက်လိုင်း သွယ်တန်းပြီး ဖြန့်ဝေပေးနေသည့် မြို့နယ်စည်ပင်သာယာပိုင် ကန်တော်ကြီး ဖြစ်ပါကြောင်း၊ မြကန်သာ ကန်တော်ကြီး တည်ရှိရာနေရာ တောင်းဆိုသည့် (၄)မိုင် ရပ်ကွက်နှင့် အနီးစပ်ဆုံး ခြောက်ဖာလုံခန့်သာ အကွာအဝေးတွင် တည်ရှိနေသည့် ကန်တော်ကြီး ဖြစ်ပါကြောင်း၊ နွေရာသီရောက်တိုင်း (၄)မိုင်ရပ်ကွက်နေ ပြည်သူပြည်သားများ ရပ်ကွက်အတွင်း တည်ရှိနေသည့် ကိုယ်ထူကိုယ်ထ အဝီစိတွင်းရေ၊ ရေတုံကင် မြေအောက်ရေများကို မရနိုင်သည့် အတွက် မြို့ပေါ်အလှူရှင်များ အကူအညီကို မှီခိုနေရသည့် ရပ်ကွက်နေ ပြည်သူ ၅,၀၀၀ နီးပါး သောက်သုံးရေ အခက်အခဲကို ရပ်ကွက်နှင့် အနီးစပ်ဆုံး ခြောက်ဖာလုံ ခန့်အကွာအဝေးတွင် မြကန်သာ ကန်တော်ကြီးမှ ကျန်းမာရေးနှင့်ညီသည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိနိုင်ရေး အတွက် ရေပိုက်သွယ်တန်းပြီး သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံတော်မှ စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။