(ဃ)-ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပေး ခဲ့သော Type-C ယာယီကျောင်းဆောင်များအား အပြီးသတ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-01

၎င်းမေးခွန်းကို (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ကတည်းက တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ခုမှနောက်ကျပြီးမေးဖြစ်တာ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ၂၀၁၇-၁၈ ခုနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များတွင် Type-C အဆင့်ကျောင်းဆောင် ၁၄၁ ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါ ကြောင်း၊ ၎င်းတို့ထဲမှ ၄၄ ကျောင်းသာ Type-A အဆင့် ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ၉၇ ကျောင်းသည် ခွင့်ပြုချက်ထပ်မရဘဲ ၁၀၀ ရာခိုင်နှုန်းအပြီးသတ်ဆောင်ရွက်ရန် ကျန်ရှိနေသေး သည်ဟုသိရပါကြောင်း၊ ၎င်း Type-C အဆင့်ကျောင်းသည် တည်ဆောက်ရေးလုပ်ငန်း၏ တစ်ဝက် ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်ရခြင်းဖြစ်၍ အပြီးသတ်တည်ဆောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် အနီးဆုံးဘဏ္ဍာရေးနှစ်ဘတ်ဂျက်တွင် ဆက်လက်ခွင့်ပြုပြီး အပြီးသတ် တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊

တစ်ဆက်တစ်စပ်တည်း ဘဏ္ဍာရေးနှစ်များတွင် ဘတ်ဂျက်ချပေးနိုင်ခြင်းမရှိဘဲ အပြီးသတ် တည်ဆောက်ခြင်းမရှိဘဲ ဘတ်ဂျက်နှစ်ကွာဟသည့် အတွက် စာသင်ကျောင်း၊ စာသင်ခန်း လိုအပ်နေ သည့် ကျောင်းသူ၊ ကျောင်းသားများအတွက် များစွာ နစ်နာရသကဲ့သို့ တင်ဒါအောင်ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ခလစာဈေးတက်လာသည့်အတွက် PAE နှုန်းထားများကို ကာလ ပေါက်ဈေးများအတိုင်း တိုးမပေးဘဲ ဆက်တည်ဆောက်ရသောကြောင့် ယခင်နှစ်များ ကစာချုပ်ပါ အတိုင်း ဆောင်ရွက်ရန်အခက်အခဲများရှိနေသည်ဟု ကြားသိရပါကြောင်း၊

၂၀၁၇-၁၈ ခုနှစ် PAE Rate နှင့် ၂၀၁၉-၂၀ တွင်များစွာကွာခြားနိုင်ပါကြောင်း၊ ဝေးလံခေါင်သီပြီး အဆက်အသွယ်ခက်ခဲသည့် ဒေသများတွင်ပို၍ အဆင်မပြေဖြစ်နိုင်ပါကြောင်း၊ ထို့အတွက် အရည် အသွေး ထိခိုက်မည်ကိုလည်း စိုးရိမ်ရပါကြောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း အလားတူ Type-C ကျောင်းများရှိနေသည်ဟုသိရပါကြောင်း၊ ဥပမာအနေဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောမြို့နယ်တွင် အ.မ.က (ခွဲ) ယင်းပေါင်နှင့် အ.မ.က ရွာသာယာ Type-C ကျောင်းနှစ်ကျောင်းသည်လည်း ဆောက်လုပ်ပြီး ငွေမရရှိသေးပါကြောင်း၊ ထို့ကြောင့် PAE Rate ကွာခြားနေသည်ကို ညှိပေးရန်အစီအစဉ်ရှိ/မရှိနှင့် ကျန်နေတဲ့ တခြားတိုင်းနှင့်ပြည်နယ်များတွင် ငွေမရဘဲတစ်ဝက်တစ်ပျက်ဖြစ်နေသည့် ကျောင်းများကို ဆက်ပြီး တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။