(င)-မာန်အောင်မြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားရန် လိုအပ်လျက်ရှိသော ဆရာဆရာမများအား ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဝေးလံခေါင်သီဒေသအဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားပြီး ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်အတွင်းတွင် နေထိုင်ကြသည့် ပြည်သူများသည် ဆင်းရဲကြသော်လည်း မိမိတို့၏ သားများ၊သမီးများကို အသိပညာရှိစေရန် ကျောင်းထားကြ ပါကြောင်း၊ ပညာရေးကိုလည်း အထူးအလေးထား အားပေးကြပါကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမအပတ်က ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ရှိသည့် တိုင်းရင်းသား ကျောင်းသား၊ကျောင်းသူများကို တိုင်းရင်းသားဘာသာစာပေနှင့် ကျောင်းသင် ဘာသာရပ်များ သင်ကြားရန်အတွက် အထောက်အကူပြု (TA) နေ့စားများအဖြစ် ဆရာဆရာမ ၆,၀၀၀ ကျော် ခန့်ထားပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ခန့်ထားပေးသည့် အတွက် နိုင်ငံတော် အစိုးရကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊
ရခိုင်ပြည်နယ်တွင် ရှိသည့် မာန်အောင်မြို့နယ်ရှိ ကျောင်းများ အတွက် ဆရာဆရာမ ၁၇ ဦး ခန့်ထားပေးခဲ့ကြောင်း၊ သို့သော် မာန်အောင် မြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်းသည် ၁၁၇ ကျောင်း ရှိပါကြောင်း၊ ၁၁၇ ကျောင်းတွင် ကျောင်းပေါင်း ၈၂ ကျောင်းသည် ကျောင်းသား ၄၀ အောက် ပညာသင်ကြားလျက်ရှိပြီး ၃၅ ကျောင်းသည် ၄၀ အထက် ရှိသည့် ကျောင်းများ ဖြစ်ကြပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးမည့် ဆရာဆရာမများ ခန့်ထားရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပညာရေးဝန် ကြီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် မိမိ သွားရောက် တွေ့ဆုံခဲ့ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက ကျောင်းတစ်ကျောင်းကို ဆရာတစ်ယောက် ခန့်ထားပေးရန် ပညာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းထားကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် ကျောင်းသား ၄၀ အထက်ရှိသည့် ကျောင်းများ ကို ဆရာတစ်ယောက် ခန့်ပေးမည်ဟု ပြောပါကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမအပတ်က ဆရာဆရာမများ ခန့်ထားသည့် စာရင်းထွက်လာသည့်အချိန်တွင် မိမိတို့ မာန်အောင်မြို့နယ်က ကျောင်းသား ၄၀ အထက်ရှိသည့် ကျောင်း ၃၅ ကျောင်းအတွက် ကျောင်းဆရာ ၁၇ ယောက် ခန့်ထားကြောင်း၊ ၁၈ ကျောင်းတွင် ဆရာခန့်ထားခြင်း မရှိသေး ပါကြောင်း၊ ကျောင်းသား ၄၀ အောက် ကျောင်း ၈၂ ကျောင်းတွင် ဆရာများ မရှိသေးပါကြောင်း၊ မြို့နယ်အတွင်းတွင် ပညာရေး အခွင့်အလမ်းများစွာ ကွာဟမှု ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ မာန်အောင်မြို့နယ်ရှိ ကျန်ရှိနေသည့် ကျောင်းများအတွက် လိုအပ်သော ဆရာဆရာမများကို ပြန်၍ ခန့်ထားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။