(ဆ)-ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေရွာအုပ်စု၊ ထနောင်းကုန်း အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ်သို့ ၂၀၂၀-၂၁ ပညာသင်နှစ်အမီ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ပခုက္ကူမြို့နယ်၊ တင်းဂါတ် ကျေရွာအုပ်စု၊ ထနောင်းကုန်း ကျေးရွာသည် အိမ်ခြေ ၁၄၅ အိမ်နှင့် လူဦးရေ ၆၁၅ ဦး ရှိပါကြောင်း၊ ၎င်းရွာတွင် အမှတ်(၁၇၉) မူလတန်း ထနောင်းကုန်း ကျောင်းသည် ၂-၈-၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၃ နှစ်ကြာပြီးသည့် အချိန်တွင် မူလတန်းကျောင်းအဖြစ် တည်ရှိနေခြင်းမှ ၁၉-၅-၂၀၀၄ ခုနှစ်တွင် ဆက်လက်ပြီး မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ မူလတန်းကျောင်း စတင်ဖွင့်လှစ်ချိန်မှစပြီး မူလတန်းကျောင်းအနေဖြင့် ၁၃ နှစ်၊ မူလတန်းလွန်ကျောင်းအနေဖြင့် ၁၅ နှစ် ပေါင်း ၂၈ နှစ်ရှိနေပြီ ဖြစ်ပါကြောင်း၊
ကျောင်းပိုင်မြေ ဧကသည် ၀.၄၅၉ ဧကရှိပြီး ပင်မဆောင်နှင့် KG ဆောင်များ ရှိပါကြောင်း၊ ၎င်းအရပ်သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး အမြဲတမ်း ရေဝင်မြေအရပ် ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် ခက်ခဲပါကြောင်း၊ ထိုကဲ့သို့ ခက်ခဲသည့် အတွက် နိုင်ငံတော်အစိုးရမှ ကျန်းမာရေးစောင့်ရှောက်မှုကို ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ကျေးလက်များ၏ ကျန်းမာရေးနှင့် ပညာရေးများကို နိုင်ငံတော်အစိုးရမှ အထူးဂရုစိုက်နေသည်ကို ပြသခြင်းဖြစ်ပါကြောင်း၊ ၎င်းကျောင်းတွင် စာသင်ကြားနေသည့် အလယ်တန်းကျောင်းသားများ ရှိပါကြောင်း၊ စာသင်ကြားနေသည့် အလယ်တန်းကျောင်းသားရှိပြီး ဧရာဝတီမြစ်ဘေးတွင် တည်ရှိနေသည့်အတွက် ပညာကို ဆက်လက်သင်ယူလိုကြသည့် ပညာရေးကို လိုလားသည့် ကျောင်းသူ ကျောင်းသားများသည် အလယ်တန်းပညာကို ကိုးမိုင်ခန့် ကွာဝေးသည့် နန်းတော်ရပ် ကျောင်းသို့ မိုးတွင်းအချိန်တွင် ရေလမ်းခရီးမှ လှေငယ်များဖြင့် သွားလာနေရပါကြောင်း၊ ကျောင်းသားမိဘများသည် ကလေးငယ်များအတွက် ၎င်းတို့၏ အသက်အန္တရာယ်ကို ၎င်းရေလမ်း ခရီး မှ သွားလာနေရသည့်အတွက် အမြဲတမ်း စိတ်ပူနေရသည်ကို တွေ့ရပါကြောင်း၊ ၎င်းအရပ်သည် တင်ပြခဲ့သည့်အတိုင်း ဧရာဝတီမြစ်ဘေးတွင် ရှိသည့်အတွက် အမြဲတမ်းရေဝင်ဒေသ ဖြစ်နေရ သည့်အတွက် ယခုကဲ့သို့ စိတ်ပူနေရခြင်း ဖြစ်ပါကြောင်း၊
ဝန်ကြီးဖြေကြားချက်တွင် ပါရှိပါကြောင်း၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစီအစဉ်များကို ရှေ့ကာလများတွင် စီစဉ်ဆောင်ရွက်နေသည်ကို တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ပညာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းကို ပြောကြားလိုကြောင်း၊ သို့ပါ၍ ကျေးရွာနေပြည်သူများက တင်ပြလာသည့် ထနောင်းကုန်းကျေးရွာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဧရာဝတီမြစ်ဘေးတွင် ရှိသည့် ထနောင်းကုန်း ကျေးရွာလေး၏ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းခွဲ အဖြစ်သို့ ၂၀၂၀-၂၁ ပညာသင်နှစ်အမီ တိုးမြှင့်ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့် အကယ်၍ မဖွင့်လှစ်နိုင်သေးပါက မည်သည့်ကာလတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မေးမြန်းပါသည်။