(စ)- သင်ရိုးညွှန်းတမ်းများကို ပုံနှိပ် စာအုပ်များရိုက်နှိပ်ဖြန့်ဝေမည့်အစား Digital Text များအဖြစ် ပြောင်းလဲဖြန့်ဝေသုံးစွဲနိုင်ရန် မူဝါဒ အစီအမံများစတင်ရေးဆွဲပြီး အဆင့်လိုက်အကောင်အထည် ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-01

(စ)-မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန် သတ်မှတ်ပေးထားသည့် ပညာရေးအသုံးစရိတ်များကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို ပုံနှိပ် စာအုပ်များရိုက်နှိပ်ဖြန့်ဝေမည့်အစား Digital Text များအဖြစ် ပြောင်းလဲဖြန်ဝေသုံးစွဲနိုင်ရန် မူဝါဒ အစီအမံများစတင်ရေးဆွဲပြီး အဆင့်လိုက်အကောင်အထည်ဖော်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်း ခြောက်ချက်ရှိပါကြောင်း၊ နံပါတ်(၁)အနေဖြင့် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် နိုင်ငံတော်မှ ပညာရေး အသုံးစရိတ်များ နှစ်စဉ်တိုးမြှင့် ချထားပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍတွင်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု KG+12 အစီအမံဖြင့် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ပြီးစီးချိန်တွင် အခြေခံပညာကျောင်းသား/ကျောင်းသူ ၁၃ သန်းခန့်ရှိမည်ဟု ခန့်မှန်းတွက်ချက် ပါကြောင်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၁၀ သန်းကျော် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ နံပါတ်(၂)အနေဖြင့် နိုင်ငံတော်အစိုးရမှ အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်တိုင်းအတွက် အခမဲ့ပညာရေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်း စာအုပ်များကို ပုံနှိပ်ပြီး နှစ်စဉ် အခမဲ့ဖြန့်ဝေလျက်ရှိသဖြင့် ပညာရေး အသုံးစရိတ်မှ နှစ်စဉ်ဘီလီယံ ၁၀၀ ‌ကျော်နီးပါး သုံးစွဲနေရပါကြောင်း၊ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ဘီလီယံ ၁၅၀ ပတ်ဝန်းကျင်အထိ တိုးမြှင့်သုံးစွဲရမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခုကဲ့သို့ဘီလီယံပေါင်း မြောက်မြားစွာ သုံးစွဲပေးရသော်လည်း ပုံနှိပ်စာအုပ်များသည် တစ်နှစ်တာပဲအသုံးပြုရပြီး နှစ်စဉ် အကုန်အကျခံပြီး ပြန်ရိုက်နှိပ်နေရပါကြောင်း။

နံပါတ်(၃)အနေဖြင့် အခြေခံပညာကဏ္ဍ၏ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ်ပုံနှိပ် ဖြန့်ဝေခြင်းအား  ဆောင်ရွက်ရာတွင် တင်ဒါလုပ်ငန်းစဉ်များ ရှုပ်ထွေးကြန့်ကြာခြင်း၊ ကျောင်းဖွင့် ရာသီအမီ အချိန်မီ မဖြန့်ဝေနိုင်ခြင်း၊ ပုံနှိပ်အရည်အသွေး မပြည့်မီခြင်း၊ ပြင်ပမှ ခွင့်ပြုချက်မဲ့ တရားမဝင်ပုံနှိပ်ရောင်းချရာမှ အမှားအယွင်းများဖြစ်ပေါ်ခြင်းဖြစ်စဉ်များကြောင့် ပညာရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်တွင် အဟန့်အတားများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊

နံပါတ်(၄)အနေဖြင့် ယခုအခါနိုင်ငံတကာ သင်ကြားရေးအစီအမံများသည်  Educational 4.0 သို့ အဆင့်မြှင့်တင်ပြီး သင်ကြားသင်ယူမှုဖြစ်စဉ်များကို ICT ကဏ္ဍဖြင့် အကောင်အထည်ဖော်နေပြီ ဖြစ်ရာ မြန်မာ့ပညာရေးကဏ္ဍကလည်း ပညာရေးမြှင့်တင်မှုအစိတ်အပိုင်း တစ်ရပ်အနေဖြင့် ICT ကဏ္ဍကို အလေးထားဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊

နံပါတ်(၅)အနေဖြင့် အခြေခံပညာကဏ္ဍ၏ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ် ပုံနှိပ်ဖြန့်ဝေခြင်းအစား Digital Text များဖြင့် အသွင်ပြောင်းလဲပြီး အသုံးပြုမည်ဆိုပါက ကနဦး ရင်းနှီးမြှုပ်နှံမည့်သူအတွက် ပညာရေးအသုံးစရိတ်မှ အနည်းငယ် ပိုမိုသုံးစွဲရမည်ဖြစ်သော်လည်း နှစ်စဉ်ပြုဋ္ဌာန်းပုံနှိပ်များရိုက်နှိပ်ခြင်းကြောင့် ဖြစ်ပေါ်နေသည့် အရှုပ်အထွေးများ ကင်းဝေးနိုင်ခြင်း၊ အသုံးစရိတ်များလျော့ကျလာခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများ သင်ကြားသင်ယူမှုအား ခေတ်နှင့်အညီ သင်ကြားခွင့်ပါရရှိလာစေမည်ဖြစ်ပါကြောင်း၊ နံပါတ်(၆)သည် အခြေခံပညာကဏ္ဍ ၏ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ်ပုံနှိပ်ဖြန့်ဝေခြင်းအစား Digital Text ဖြင့် ပြောင်းလဲ အသုံးပြုခြင်းအား မူဝါဒအစီအမံများကို ရေးဆွဲပြီး အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် လိုအပ်နေပါကြောင်း မေးမြန်းပါသည်။