(ခ)-ခေတ်စနစ်အချိန်ကာလ ရွေ့လျားတိုးတက်ပြောင်းလဲလာမှုဖြစ်စဉ်တို့နှင့် ဆီလျော်မှုမရှိတော့သော ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေအား မဖြစ်မနေပြင်ဆင်ခြင်း(သို့)ပယ်ဖျက်ခြင်းများပြုလုပ်၍ အသစ် ပြန်လည်ပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-01

 

ခေတ်စနစ် အချိန်ကာလ ရွေ့လျားတိုးတက်ပြောင်းလဲလာမှုဖြစ်စဉ်တို့နှင့် ဆီလျော်မှုမရှိသော ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေနှင့်ပတ်သက်၍ မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ဤဥပဒေ သည် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀ ကျော် အင်္ဂလိပ်အုပ်ချုပ်သောကာလ ၁၈၇၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း၊ ဤဥပဒေပုဒ်မ ၁၃ အရ လိုင်စင်ရရှိထားသော်လည်း ၎င်းလိုင်စင်ပါ စည်းကမ်းများနှင့်အညီမဟုတ်လျှင် မည်သူမျှ လက်နက်တစ်ခုခုကို ကိုင်စွဲသွားလာခြင်းမပြုရဟု တားမြစ်ထားပါကြောင်း၊ ထိုနေရာတွင်လက်နက်ဆိုသည့် အဓိပ္ပာယ်ကို ၎င်းဥပဒေ၏ ပုဒ်မ ၄ ပုဒ်မခွဲ(ခ) တွင် (၁) ဓားနှီးချွန်၍ ဓားသွား၌ သုံးလက်မထက်ပိုသော မောင်းချဓား၊ (၂) အိမ်သုံး၊ လယ်ယာသုံး၊ စက်မှုသုံးများအတွက် မရည်ရွယ်သော ဓားဦးချွန်၍ အလျား အရိုးငါးလက်မ ထက်ပိုသောဓားများ၊ (၃) နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော အခြားဓားများ၊ (၄) သေနတ်၊ လှံစွပ်၊ ဓားလွတ်၊ ဓားမြှောင်၊ လှံ၊ လှံသွား၊ အမြောက်လက်နက် အစိတ်အပိုင်းများနှင့် လက်နက်လုပ် စက်များပါဝင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အထက်ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပါက လက်နက်ဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(င)ဖြင့် တရားစွဲဆို ရမည်ဖြစ် ပြီး ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အထက်ပါပြဋ္ဌာန်းချက်များအရ ယခုဤဥပဒေသည် တည်ဆဲဥပဒေထဲတွင် ပါဝင်သည်ဖြစ်သည့် အတွက်ကြောင့် လူတန်းစားအလွှာမရွေး ဖမ်းဆီး တရားစွဲဆိုခံနေကြရပါကြောင်း၊ အချုပ်အနှောင်များလည်း ခံနေကြရပါကြောင်း၊ ဥပမာအားဖြင့် မိမိ၏စဉ့်ကူးမြို့နယ်တွင် လွန်ခဲ့သည့်သုံးနှစ်ခန့်က ပုဒ်မ ၁၉ ပုဒ်မခွဲ(င)ဖြင့် တရားစွဲဆို တင်ပို့သည့်အမှုများနှင့်ပတ်သက်၍ တင်ပြမည်ဆိုလျှင် ၂၀၁၆ ခုနှစ်က ပုဒ်မ ၁၉ ပုဒ်မခွဲ(င)နှင့် စွဲသည့်အမှုသည် ၄၉ မှု၊ ၂၀၁၇ ခုနှစ်က ၃၁ မှု၊ ၂၀၁၈ ခုနှစ်မှာ ၄၁ မှု၊ ၂၀၁၉ ခုနှစ် ဇွန်လအထိ အမှုပေါင်း ၅၀ စုစုပေါင်း ၁၇၁ မှုအထိ ရှိခဲ့ပါကြောင်း၊ အထက်ပါ အမှုများအနက် ကျေးရွာအတွင်း၊ မြို့အတွင်း၊ ပွဲလမ်းသဘင်အတွင်း လက်နက်ကိုင်စွဲသွားလာသဖြင့် ဖမ်းဆီးရသည့်အမှု ငါးမှုနှင့် အများသွားလာနေသည့်လမ်းပေါ်တွင် လက်နက်၊ ဓားဖြင့်ရမ်းကားသဖြင့် ဖမ်းဆီးသည့်အမှုနှစ်မှု စုစုပေါင်း ခုနစ်မှုသာရှိခဲ့ပြီး ယခုခုနစ်မှုမှာ အမှန်တကယ် အရေးယူသင့်သည့် အမှုများ ဖြစ်ပါကြောင်း၊  သို့သော် ကျန် ၁၆၄ မှုမှာ ထန်းတက်သမားများ၊ တချို့မှာ မိဘများနှင့် မိသားစုများကို လုပ်ကိုင်ရှာဖွေကျွေးမွေးနေသည့် မျှစ်ချိုး၊ ဝါးခုတ်လုပ်ကိုင်နေသူများ၊ လုံခြုံရေး အန္တရာယ်အတွက် ကားနှင့်ဆိုင်ကယ်များပေါ်တွင်ပါရှိသော ရပ်ဝေးခရီးသွားများ၊ တောတောင်ထဲ တွင်ရှိသည့် ရွှေလုပ်ကွက်များနှင့် လုပ်ကိုင်စားသောက်သူများ၊ အိမ်သုံး၊ လယ်ယာသုံးအတွက် ပန်းပဲဖိုနှင့် ပွဲဈေးတန်းများမှ ဝယ်ယူကိုင်ဆောင်လာကြသူများ ဖြစ်ကြပါကြောင်း၊ ၎င်းအမှုများ သည် အမှန်တကယ် အရေးမယူသင့်သည့် အမှုများဖြစ်ပါကြောင်း၊ သို့သော် တရားရုံးများအနေဖြင့် စွဲတင် လာသည့် ပုဒ်မ ၁၉ ပုဒ်မခွဲ(င)အမှုတိုင်းကို အခြေအနေ အရပ်ရပ်ကြောင့် ငွေဒဏ်ချမှတ်ခြင်း မပြုဘဲ ထောင်ဒဏ်များသာ ချမှတ်နေကြပါကြောင်း၊ အနီးကပ်ဆုံး ဥပမာတစ်ခု တင်ပြရလျှင် မိမိ၏မဲဆန္ဒနယ်မြေတွင်ရှိသည့် မိရိုးဖလာ ပန်းပဲလုပ်ငန်းလုပ်ကိုင်ထားသည့် မိသားစုထဲမှ ပန်းပဲဆရာတစ်ယောက်သည် ၎င်း၏ကျေးရွာ ညောင်ဝန်းဆိုသည့်ကျေးရွာမှသုံးမိုင်ခန့် ဝေးသည့် ချုံးကြီးဆိုသည့် ကျေးရွာတစ်ရွာကို ၎င်းထံတွင် အပ်နှံထားသည့်လယ်ယာသုံး ကိုင်းခုတ်ဓားများ၊ နောက်တစ်ခုက ထင်းခုတ်ဓားများ၊ အိမ်သုံး၊ မီးဖိုချောင်သုံးဓားများကို သွားရောက်ပို့သည့်အခါတွင် နယ်မြေခံရဲတပ်ဖွဲ့၏ လုံခြုံရေးအရရှာဖွေရင်း ၎င်းဓားများကိုတွေ့၍ ထောင်ဒဏ် နှစ်လအထိ အောင် ချမှတ်ခြင်းခံခဲ့ရသည့်အဖြစ်မျိုးများလည်း ရှိပါကြောင်း၊ ၎င်းအဖြစ်များသည်မိမိတို့မြို့နယ်တွင် သာမဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့အပြား အထူးသဖြင့် လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ရှိသည့် တောင်သူလယ်သမားများ၏ နီးစပ်သည့်အရပ်ဒေသများတွင် ၎င်းဥပဒေ၏အကျိုးဆက်များကို ခံစား နေကြရပါကြောင်း၊ ထို့ကြောင့် လူကောင်းသူကောင်းများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ဒဏ် အပြစ်ပေးခံရခြင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိနေရပါကြောင်း၊ အထက်ပါဥပဒေသည် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကျရောက်စဉ်က အုပ်ချုပ်သူလူတန်းစားများအား အန္တရာယ်မပြုနိုင်ရေးနှင့် သူ့ကျွန်ဘဝရောက်နေသည့် မြန်မာနိုင်ငံသားများကို ငြိမ်ဝပ်ပိပြားစေရန် ရည်ရွယ်၍ ရေးဆွဲခဲ့သည့်ဥပဒေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ ခေတ်ကာလနှင့်လျော်ညီမှု မရှိတော့သည့်အတွက် မိမိမေးမြန်းလိုသည်မှာ ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေပြဋ္ဌာန်းချက် များအရ လူတန်းစားအလွှာမရွေး ဖမ်းဆီးတရားစွဲဆိုခံနေရသော ခေတ်စနစ်အချိန်ကာလ ရွေ့လျား ပြောင်းလဲ တိုးတက်လာမှုဖြစ်စဉ်တို့နှင့် ဆီလျော်မှုမရှိတော့သော ၎င်း ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေအား မဖြစ်မနေပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများပြုလုပ်၍ အသစ်ပြန်လည် ပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။