(ဂ)-လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-01

 

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေရဲစခန်း ဖွင့်လှစ်ပေးရန်အတွက် မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁၂ ဇုန် တည်ရှိပြီး လူဦးရေ ၁၀ သိန်းကျော် နေထိုင်သည့် မြို့နယ်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် ရွှေ့ပြောင်း နေထိုင်ကြသူများ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၊ ပြည်ပ နိုင်ငံခြားသားများ၊ ကာယဉာဏ လုပ်သားများ စုပေါင်းနေထိုင်သည့် မြို့နယ် ဖြစ်ပါကြောင်း၊ လှိုင်သာယာမြို့နယ် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရာဇဝတ်မှုများ၊ ဒုစရိုက်မှုများ လျော့နည်း ပပျောက်စေရန်အတွက် နယ်မြေရဲစခန်း နှစ်ခု ဖွင့်လှစ်ထားရှိပြီး အရာရှိ ၂၈ ဦး၊ အခြား အဆင့်တပ်ဖွဲ့ဝင် ၁၆၀ ဦးဖြင့် တာဝန်ထမ်းဆောင်နေကြသော်လည်း မြို့နေပြည်သူများနှင့် တပ်ဖွဲ့ဝင် အင်အားအချိုး မျှတမှု မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူ ၇၀၀၀ ကျော်နှုန်းဖြင့် တာဝန် ထမ်းဆောင်နေကြရပါကြောင်း၊

ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် မူးယစ်မှု ၃၄၄ မှု၊ လူသတ်မှု ၂၄ မှု၊ လောင်းကစားမှု ၁၀၁ မှု၊ လက်နက်မှု ၅၅၄ မှု ဖြစ်ပွားခဲ့ပါကြောင်း၊၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် အမှုကြီး ၅၃ မှု၊ အခြားအမှု ၁၅၆၆ မှု၊ ကြိုကာမှု ၁၀၁၄၁ မှု စုစုပေါင်း ၁၁၇၆၀ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ တစ်ချို့ ပြည်သူများသည် အမှုဖွင့်လိုသည့် ဆန္ဒမရှိသည့်အတွက် အမှုမဖွင့်ခဲ့သည့် အမှုများလည်း ရှိနေပါကြောင်း၊ တရားဥပဒေစိုးမိုးပြီး ရာဇဝတ်မှုများ၊ ဒုစရိုက်မှုများ လျော့နည်း ပပျောက်စေရန်နှင့် လှိုင်သာယာ မြို့နေပြည်သူများ လူမှုဘဝလုံခြုံပြီး အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေရဲစခန်း အသစ် ထပ်မံ ဖွင့်လှစ်ပေးရန် လိုအပ်နေပါကြောင်း၊

လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်း စက်မှုဇုန်နယ်မြေ ရဲစခန်း ဖွင့်လှစ်နိုင်ရန်အတွက် ရွှေလင်ဗန်း စက်မှုဇုန် ဒီပဲယင်း ဝန်ထောက် ဦးမြဲလမ်းတွင် မြေဧရိယာ ၀.၃၀၄ ဧကအား ရဲတပ်ဖွဲ့ပိုင် မြေအမည်ပေါက် ရရှိထားပြီးဖြစ်သည့် မြေနေရာတွင် ဖွဲ့စည်းပုံအရ ခွင့်ပြုထားပြီဖြစ်သည့် ကစင် နယ်မြေရဲစခန်းအား ရွှေလင်ဗန်း နယ်မြေရဲစခန်းအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးပြီး ရဲစခန်းတွင် ဝန်ထမ်းအိမ်ရာများအတွက် အထပ်မြင့် အဆောက်အဦများ တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။