(ဃ)-ကလေးမြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်းလျင်ရှိသော လယ်ယာ ချောင်းမြောင်းများအား မူလအနေ အထား ပြန်လည် ရောက်ရှိရေးအတွက် နှစ်အပိုင်းအခြား တစ်ခုအတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-01

 

မိမိ၏ မဲဆန္ဒနယ်မြေအတွင်းရှိ ပျက်စီးယိုယွင်းလျက်ရှိသည် လယ်ယာ ချောင်းမြောင်းများအား စီမံကိန်းဖြင့် နှစ်အပိုင်းအခြား တစ်ခုအတွင်း မူလအနေအထား ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းပြီး တင်ပြမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

ကလေးမြို့နယ်သည် အားလုံးသိပြီး ဖြစ်သည့်အတိုင်း ၂၀၁၅ ခုနှစ်တွင် သဘာဝဘေးဒဏ်ကို ကြီးမားစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ၎င်းဖြစ်စဉ်၏ နောက်ပိုင်း ကလေးလွင်ပြင်ဒေသ၏ သဘာဝပတ်ဝန်းကျင်သည် များစွာ ပြောင်းလဲလျက် ရှိပါကြောင်း၊ သိသားထင်ရှားသည့် လက္ခဏာများ အနေဖြင့် မိုးရေချိန် အနည်းငယ်ရွာသည်နှင့် ချောင်းရေ လျှံတက်ခြင်း၊ လယ်မြေ ရေတိုက်စား ခံရခြင်း၊ လယ်မြေများအတွင်း သဲနုန်းများ ဖုံးလွှမ်းခြင်း၊ ရပ်ကွက်ကျေးရွာများအတွင်း ရေလျှံ ဝင်ရောက်ခြင်း၊ တံတားငယ်များပျ က်စီးခြင်း၊ ကျေးရွာချင်းဆက် လမ်းများ ရေတိုက်စား ခံရခြင်း၊ လယ် ရေသွင်းရေထုတ် မြောင်းပျက်စီးခြင်းများ ဖြစ်ပါကြောင်း၊ ၎င်းပျက်စီးမှု ဖြစ်စဉ် များသည် ယခင် ၁၀ စုနှစ်များတွင် ဖြစ်ခဲ့ခြင်းများ ရှိသော်လည်း ယခုနှစ်ပိုင်းတွင် မိုးသည်းတိုင်း စိုးရိမ်နေရသည့် အခြေအနေမျိုး မဟုတ်ခဲ့ပါကြောင်း၊။ မိမိယခုလို တင်ပြခြင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မိမိ၏ မဲဆန္ဒနယ်မြေကို ပစ်ထားသည်ဟု ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် လူမှု အဖွဲ့အစည်းများကပါ တတ်စွမ်းသမျှ ကြိုးစားပြီး သက်သာရာ သက်သာကြောင်း ဝိုင်းဝန်းလုပ်ဆောင်ခဲ့ပါကြောင်း၊။ ၎င်းအတွက် အလွန်ကျေးဇူးတင်ကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း၊

ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း၏ အကြောင်းတရားများသည် နှစ်ချက် ရှိပါကြောင်း၊ တစ်ချက်သည် လူ့ပယောဂကြောင့် ဖြစ်ရခြင်းနှင့် နောက်တစ်ချက်သည် လူသားများ ရွေးချယ်ခွင့် မရှိသည့် မြေမျက်နှာသွင်ပြင် ပထဝီ အနေအထားကြောင့်သာ ဖြစ်ပါကြောင်း၊ လူ့ပယောဂ အကြောင်းပြောရမည်ဆိုပါက ယခင်က လုပ်ခဲ့သည်များကို ပြောလိုစိတ် မရှိပါကြောင်း၊ လက်ရှိဖြစ်နေသည့် အိမ်နီးချင်း ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် တူးထုတ်ထားသည့် စွန့်ထုတ်မြေစာများသည် မိမိတို့၏ လယ်ထဲ၊ ချောင်းထဲ၊ မြောင်းများထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်း ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာသည့် ရုပ်ဝတ္တုများအပေါ် မိမိ၏ ဒေသခံပြည်သူများမှ များစွာ ကျေနပ်ဝမ်းသာရပါကြောင်း၊ ယခု တင်ပြရခြင်းသည် မိမိတို့ဒေသ၏ ရွေးချယ်ခွင့် မရှိသည့် အခြေအနေကို ပေါ်လွင်စေလိုသည့် စိတ်ဖြင့် ပြောရခြင်း ဖြစ်ပါကြောင်း၊

မိမိ၏ ဒေသသည် ကျွန်း၊ မြောင်း တောင်ကြား လွင်ပြင်ဒေသ ဖြစ်ပါကြောင်း၊ မြစ်သာမြစ်ကြား ဧရိယာ အားလုံးနှင့် ချင်းပြည်နယ် (မြောက်ပိုင်း)ဒေသတစ်ခုလုံး၏ မိုးရေနှင့် နုန်းများသည် ကလေးလွင်ပြင်တွင် လာရောက်စုပုံပြီး ထွက်ပေါက်အနေဖြင့် ကျဉ်းမြောင်းသည့် မြစ်သာမြစ် ထွက်ပေါက် တစ်ခုသာ ရှိပါကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် အနယ်အနှစ်များကြောင့် မြေဧရိယာ ကျယ်ဝန်းလာနိုင်သည့် ဒေသ မဟုတ်ပါကြောင်း၊ သဲနုန်း ပို့ချမှုကြောင့် မြစ်ချောင်းများ၏ ကြမ်းပြင် မြင့်တက်လာပြီး ရေတိုက်စားမှုများ မျိုးစုံတက်လာသည့်အပြင် မကြာခင် ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ရာဇဂြိုလ် ဘက်စုံရေလှောင်တမံသည် သဲနုန်းများနှင့် ပြည့်မောက်လာပြီး ငွေကြေးများစွာ အကုန်အကျခံ ပြုပြင်ရမည့် အနေအထားထိ ဖြစ်နေပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့သည့် အကျိုးဆက်ကြောင့် ဝန်နှင့် အားမမျှ ဖြစ်နေခြင်းကို အလေးအနက်ထား တင်ပြလိုပါကြောင်း၊

၎င်းအခြေအနေသည် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသရှိ ဝန်ထမ်းများ၏ တင်ပြချက်ကို ဖြည့်ဆည်းပေးရုံဖြင့် မလုံလောက်ပါကြောင်း၊ နိုင်ငံတော်အတွက် ရေရှည် အကျိုးစီးပွားကို မျှော်တွေးပြီး လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည့်အတွက် ကလေးမြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်းလျင်ရှိသော လယ်ယာ ချောင်းမြောင်းများအား မူလအနေ အထား ပြန်လည် ရောက်ရှိရေးအတွက် နှစ်အပိုင်းအခြား တစ်ခုအတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။