(ဆ)-ပန်းတောင်းကျေးရွာ မြေများတွင် ဒေသခံတောင်သူများစိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရေးနှင့် ဒေသခံမဟုတ်သူများမှ လုပ်ကိုင်ခွင့်လျှောက်ထားမှုများပေါ်ပေါက်လာပါက ဒေသခံပြည်သူများအားသဘောတူညီမှု ရယူပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
(ဆ)-မင်းဘူး(စကု)မြို့နယ်၊ ပန်းတောင်းကျေးရွာ ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သော မြေများ တွင် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရေးနှင့် အကယ်၍ ဒေသခံမဟုတ်သူများမှ အလားတူ လုပ်ကိုင်ခွင့် လျှောက်ထားမှုများ ပေါ်ပေါက်လာပါက ဒေသခံ ပြည်သူများအား ပွင့်လင်းစွာ ချပြအသိပေးကာ သဘောတူညီမှု ရယူပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် မြေများတွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရန်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ မင်းဘူး (စကု) မြို့နယ်၊ ပန်းတောင်းကျေးရွာ အနီးတွင် ရှိသည့် ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် ဘိုးဘွားပိုင်မြေများပေါ်တွင် ဒေသခံမဟုတ်သည့် သူများက လုပ်ကိုင်ခွင့် လျှောက်ထားလုပ်ကိုင် နေကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၏ တင်ပြချက်အရ ကွင်းဆင်း ကြည့်သည့်အချိန်တွင် ၎င်းမြေနေရာများတွင် ဒေသခံများ အမှန်တကယ် လုပ်ကိုင်ခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး၊ လယ်ယာမြေ စီမံခန့်မှုအဖွဲ့မှ ဒေသခံများကို ပွင့်လင်းမြင်သာစွာ ချပြမှု မရှိခြင်းတို့ကြောင့် ဒေသခံတောင်သူများ နစ်နာနေကြောင်းကို လေ့လာတွေ့ရှိ ခဲ့ရပါကြောင်း၊
မူလ၌ ဒေသခံတောင်သူများ လုပ်ကိုင်ခဲ့သည့် ဓားမဦးချ လုပ်ကိုင်ခဲ့သည့် ယာမြေများ ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဟုဆိုပြီး ဒေသခံ မဟုတ်သည့် သူများမှ လျှောက်ထားပြီး လုပ်ကိုင်နေကြခြင်း ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများနှင့် နီးစပ်သည့် ရွာနှင့် အနီးအနားတွင် ရှိသည့် ဒေသခံများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် ယာမြေပေါ်တွင် ပုဂ္ဂလိက သစ်မာစိုက်ခင်းများ၊ ထိုအပြင် ကျောက်မီးသွေး ထုတ်လုပ်သည့် သူများအတွက် လူများမှ စိုက်ရမည့် သစ်တောများဟုဆိုပြီး စိုက်ထားခြင်းများကို တွေ့ရပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ(ဂ)တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ကို အသုံးပြုခွင့် ချထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်းက လုပ်ကိုင်ခွင့် ရရှိပြီး တောင်သူလယ်သမားများ ရှိပါက ၎င်းတို့၏ သဘောတူညီချက် ရရှိမှသာ ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း၊ နည်းဥပဒေ ၄(က) တွင် ပုံစံ(၁)နှင့် လျှောက်ထားရမည်ဟု ပါရှိပါကြောင်း၊
ထို့ကြောင့် မိမိတို့သည် ၂၀၁၃ ခုနှစ်ကတည်းက ဒေသခံတောင်သူများမှ လျှောက်ထားမည်ဟု စာရင်းဇယား ပြုစုပြီး လျှောက်ထားရန် ပြင်ဆင်ခဲ့သည့် အချက်များ၊ လျှောက်ထားခဲ့သည့် အချက်များ ဖြစ်ပါကြောင်း ရှိပါကြောင်း၊ ထို့ကြောင့် မိမိတိုမှ ရသည့်အချိန်အတွင်း ၎င်းအချက်အလက်အချို့ကို တင်ပြရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဒေသခံများ လုပ်ခဲ့သည့် အထောက် အထားများကို ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်း ဖြစ်ပါကြောင်း၊ ဒေသခံ မဟုတ်သည့်သူများ လျှောက်ထားသည့်အချိန်တွင် နည်းဥပဒေ ၁၀ အရ အမှန်တကယ် စိစစ်ခဲ့သလား၊ ၎င်းမြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု လျှောက်ထားခဲ့သည့် မြေပေါ်တွင် မူလ လုပ်ကိုင်ခဲ့သည့် သူများ သို့မဟုတ် ကျူးကျော်ခဲ့သည့် သူများ ရှိ/မရှိ ကို သေချာစစ်ရမည် ဟု နည်းဥပဒေတွင် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ စိစစ်ပြီးပါက နည်းဥပဒေ ၉ အရ ၎င်းလုပ်ကိုင်သည့် သူများသည် ၎င်းမြေပေါ်တွင် လျှောက်ထားလာသည့် အပေါ်တွင် ကန့်ကွက်မှု ရှိ/မရှိ၊ အမှန်တကယ် လုပ်ကိုင်နေသည့် သူရှိပါက ကန့်ကွက်နိုင်သည် ဆိုသည့်အကြောင်း ကြေညာချက် ထုတ်ပြန်ရမည်ဟု နည်းဥပဒေ ၉ တွင် ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးများတွင် စာကပ်ရုံဖြင့် ၎င်းသည် ကြေညာခြင်း မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ကြေညာသည်ဆိုပါက ဒေသခံပြည်သူများ သိစေရန် ပွင့်လင်းမြင်သာစွာ ချပြရန် လိုအပ် ပါကြောင်း၊ ဒါ့ကြောင့် ၎င်းဒေသခံတောင်သူများမှ ခိုင်လုံသည့် အထောက်အထားများနှင့် လုပ်ကိုင်ခဲ့ သော်လည်း ဒေသခံမဟုတ်သည့် သူများ၏ လျှောက်ထားလာသည့် အပေါ်တွင် ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သည့် မြေပေါ်တွင် ဆက်လက်ပြီး ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိရေးနှင့် အကယ်၍ ဒေသခံ မဟုတ်သည့် သူများသည် အလားတူ စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထား လာမှုများ ပေါ်ပေါက်လာပါက ဒေသခံပြည်သူများအား ပွင့်လင်းစွာ ချပြအသိပေးပြီး သဘောတူညီမှု ရယူပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။