(စ)-ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ၊ နောင်တာလောကျေးရွာ၊ မဒိန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် (၁/၂)တို့တွင် ပါဝင်သော လယ်ယာမြေများအား ပုံစံ(၇)ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
အဆိုပါ ကျေးရွာတို့တွင် ရှိသည့် လယ်ယာမြေများကို ၎င်းကျေးရွာတွင် မှီတင်းနေထိုင်ကြသည့် မိဘ ပြည်သူများ၊ မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ၎င်း၏ ဘိုးဘေးခေတ်မှ ယနေ့တိုင် ၎င်းတို့ မိသားစု၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်တို့အတွက် စိုက်ပျိုး လုပ်ကိုင်လျက် ရှိကြပါကြောင်း၊
သို့သော် ယခုခေတ် အခြေအနေ အချိန်အခါအရ မြေသိမ်း၊ ယာသိမ်းများ၊ မြေပြဿနာများ များစွာ ပေါ်ပေါက်လာသည့် အတွက်ကြောင့် ဥပဒေအရ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဆိုတဲ့ ပုံစံ(၇)ကို ပြုလုပ်ပေးရန် လိုအပ်လျက်ရှိလာသည့် တောင်သူများ၊ ပြည်သူများသည် ၎င်းတို့၏ လယ်ယာမြေကို ပုံစံ(၇) ပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာသို့ လျောက်ထားခဲ့ကြသော်လည်း အချို့သော အနည်းစု တောင်သူများသာ ရရှိခဲ့ကြသည်ကို တွေ့ရပြီး အချို့အများစုသည် ရရှိနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကျေးရွာတွင် မှီတင်း နေထိုင်ကြသည့် ပြည်သူများက ၎င်းတို့၏ လယ်ယာမြေများတွင် ပိုင်ဆိုင်ကြောင်း ပုံစံ(၇)မရှိခြင်းကြောင်း နစ်နာခဲ့ရမည့် အချိန်အခါကာလများ ကြုံတွေ့ဖူးကြပါကြောင်း၊။ ၂၀၁၂ ခုနှစ်တုန်းက ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ မြေနေရာများတွင် စက်မှုဇုန်၊ ကုန်သွယ်ရေး ဇုန်နှင့် အိမ်တွင်း လက်မှု စီမံကိန်းဇုန်များ ပြုလုပ်ရန် လျာထားခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် ယခု အစိုးရသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ် ၎င်းစက်မှုဇုန် နေရာများကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်းကို ဝိုင်းမော် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အစိုးရ ဝန်ကြီးများ အစည်းအဝေး ပွဲတက်ရောက်ပြီး ပြောကြားလာသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ၏ တင်ပြချက်အရ မိမိအနေဖြင့် ၎င်းအစည်းအဝေးတွင် ၎င်းမြေနေရာများတွင် မြေလွတ်၊ မြေရိုင်းများ မရှိကြောင်း ပထမအကြိမ်တွင်လည်း ပြည်သူများ သဘောမတူကြောင်း တင်ပြခဲ့ပါကြောင်း၊ ထိုအခါ သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ ၎င်းမြေနေရာ၏ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြပါရန် မေးမြန်းတင်ပြလာပါကြောင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထားသည် ၎င်းသက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းက ပြုလုပ်ပေးမှသာ ရရှိနိုင်သည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူတွေသည် လုပ်ယူ ထုတ်ယူ မရသည့် အရာများ ဖြစ်သည့်အကြောင်းကို မိမိ တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။
ပြည်သူများသည် ၎င်းတို့လယ်ယာမြေအတွက် ပိုင်ဆိုင်မှုပုံစံ(၇)မရလျှင် မြေသိမ်းခံရမည့် အခြေအနေဖြစ်လာသည့်အတွက် လွှတ်တော်တွေ့ဆုံရှင်းလင်းပွဲလုပ်သည့်အခါတိုင်းတွင် အဆိုပါ ကျေးရွာမှ ပြည်သူများအနေဖြင့် လယ်ယာမြေများကို ပုံစုံ(၇) အမြန်ဆုံးလုပ်ပေးရန် တင်ပြလျက် ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာဌာနများသို့ ပေါင်းစပ်ညှိနှိုင်းမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနတွေအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ယခင်အစိုးရထုတ်ထားသည့် စာတစ်စောင်ရှိပါ ကြောင်း၊ ထိုစာပယ်ဖျက်ပြီးမှသာလျှင် ၎င်းမြေနေရာများအတွက် ပုံစံ(၇)ပြုလုပ်ပေးနိုင်မည်ဟု သက်ဆိုင်ရာမှ ဖြေကြားပါကြောင်း၊ ပြည်သူများ ပုံစံ(၇)မထုတ်ပေးနိုင်သည့် စာများ ဖြစ်နေပါ သလား၊ တားဆီးထားသည်ဆိုလျှင် ရုံးသွားရန် ကြောက်သည့်၊ အဆင်မပြေသည့် ပြည်သူများတွင် ပုံစံ(၇)မရှိသည်ကို တွေ့ရှိရသည့်အတွက် တောင်သူများအားလုံး တစ်ပြေးညီရရှိနိုင်ရန် မေးမြန်းပါသည်။