(က)-ယာဉ်ပိုင်ရှင်အမည်ပြောင်းလဲရာတွင်မည်ကဲ့သို့သတ်မှတ်ပြီးကာလပေါက်ဈေးနှင့်ကွာခြားလျက်ရှိ သည့်မော်တော်ယာဉ်ဈေးနှုန်းများကိုပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-01

(က)-ယာဉ်ပိုင်ရှင်အမည်ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနမှ ယာဉ်တန်ဖိုးများကို မည်ကဲ့သို့သတ်မှတ် ပြီးကာလပေါက်ဈေးနှင့် ကွာခြားလျက်ရှိသည့် မော်တော်ယာဉ်ဈေးနှုန်းများကိုမော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ပြည်သူများ အခွန်ထမ်းသည့် အလေ့အကျင့်ရရှိလာရန် အခွန်များ ကိုရာခိုင်နှုန်း လျှော့ချပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်သူများကလည်း မိမိပိုင်ဆိုင်သည့်  ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့်မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို၏ကိုယ်ပိုင်အမည်ပေါက်ပြောင်းရန် ကြိုးစားပြီး လုပ်ဆောင်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထပ်မံထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်အရ ယာဉ်ပိုင်ရှင်များသည်မိမိ၏မော်တော် ယာဉ်များ အမည်ပေါက်ပြောင်းလဲသည့်အခါမှသာ ယာဉ်များကို သက်တမ်းတိုးခွင့်ရှိမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုသို့ထုတ်ပြန်သည့်ရည်ရွယ်ချက်သည် လိုင်စင်မဲ့ယာဉ် များကို ထိန်းချုပ်နိုင်ရန်၊ ယာဉ်အမှုအခင်းများဖြစ်ပွားရာတွင် ဖြေရှင်းရလွယ်ကူစေရန်နှင့် နိုင်ငံ့အတွက် လည်း လိုအပ်သည့်အခွန်ဘဏ္ဍာငွေများရရှိရန်ဟု မိမိအနေဖြင့် နားလည်ပါကြောင်း။

သို့သော် ရာဖြတ်ဌာနမှ ထုတ်ပြန်လိုက်သည့်မော်တော်ယာဉ်စံဈေးနှုန်းများ ဇယားထွက်လာသည့် အချိန်တွင် ယာဉ်ပိုင်ရှင်များထံမှ တော်တော်လေး စကားသံကျယ်ကျယ်လောင်လောင်‌များ ကြားရပါကြောင်း၊ ထိုဈေးနှုန်းများထဲမှ အချို့သောဈေးနှုန်းများသည် ပြင်ပကာလပေါက်ဈေး ထက်အင်မတန်မြင့်လျက်ရှိပြီး အချို့သောဈေးနှုန်းများသည် ကာလပေါက်ဈေးထက် လျော့နည်း နေသည်ကိုလည်း တွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့်  ယာဉ်များကို အမည်ပေါက် ပြောင်းလဲသည့် အခါတွင်  အမည်ပေါက်ပြောင်းလဲနိုင်ရန်အတွက် အရောင်းအဝယ် စာချုပ်ဖြင့် အခွန်ရုံးကို သွားရာ တွင်  အခွန်ရာဖြတ်ဌာနက သတ်မှတ်ပေးထားသော မော်တော်ယာဉ် ၏စံဈေးနှုန်းသည်တစ်မျိုး ကိုယ့်လက်ထဲတွင်ကိုင်ထားသောမော်တော်ယာဉ်ကို အမှန်တကယ် ဝယ်ယူထားသည့် ဈေးနှုန်း သည်တစ်မျိုးဖြစ်နေပြီး မည်သည့်ဈေးနှုန်းကို အတည်ယူရမည်ဆိုသည့် ပြဿနာသည် မော်တော်ယာဉ် အမည်ပေါက်ပြောင်းလဲသည့်သူများ၏ အခက်အခဲ တစ်ခုအနေဖြင့်တွေ့ရပါကြောင်း။

ထိုကိစ္စနှင့်ပတ်သက်ပြီး မိမိလေ့လာကြည့်သည့်အခါ အခြားအခြားသောနိုင်ငံများတွင် မော်တော် ယာဉ်နှင့် ပတ်သက်သည့်အခွန်များကို ကောက်ခံရာတွင်  ထုတ်လုပ်သည့်ကုမ္ပဏီ၊ Model၊ အင်ဂျင်ပါဝါနှင့် မော်တော်ယာဉ်အမျိုးအစား ဥပမာအားဖြင့် Sedans၊ Station Wagon၊  SUV အစရှိ သဖြင့် ၎င်းတို့ပေါ်တွင်မူတည်ပြီး အခွန်ကောက်သည်ကို တွေ့ရပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် မိမိအရှေ့တွင် တင်ပြခဲ့သည့် အချက်များအပြင် မော်တော်ယာဉ် ဈေးနှုန်း များကိုသတ်မှတ်သည့် စနစ်များကိုလည်း တွေ့ရှိရပါကြောင်း၊ ရန်ကုန်လိုင်စင်နှင့်နယ်လိုင်စင်များ၏ မော်တော်ယာဉ် ဈေးနှုန်းကွာခြားမှု၊ မော်တော်ယာဉ်၏ အက္ခရာနံပါတ်ပေါ်မူတည်ပြီး မော်တော်ယာဉ်ဈေးနှုန်း ကွာခြားမှုနှင့် အင်ဂျင်၏ Mileage များကို ကြည့်ပြီး Mileage များရင် များသလို၊ နည်းရင်နည်းသလို မော်တော်ယာဉ်ဈေးနှုန်းကလည်း ထပ်မံကွာခြားပြန်ပါကြောင်း၊  နောက်တစ်ခုအနေဖြင့် အင်ဂျင် ပါဝါများပါက အချို့အချို့သော မော်တော်ယာဉ်များ ကလွဲ၍ အင်ဂျင်ပါဝါများလေလေ ဈေးနှုန်း ကလျော့လေလေ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော အခြားသောနိုင်ငံများနှင့် မတူညီသည့်ဈေးနှုန်း စံသတ်မှတ်မှုများပါလာသောကြောင့် ရာဖြတ်ဌာနမှ စံနှုန်းအဖြစ် သတ်မှတ်ပေးလိုက်သည့် ဈေးများနှင့် ပြင်ပကာလပေါက်ဈေးများသည် ကွာခြားလျက်ရှိပါကြောင်း။

ပြည်သူများအနေဖြင့် မော်တော်ယာဉ်အမည်ပေါက်နာမည်ပြောင်းလဲရာတွင် သက်သက်သာသာနှင့် ပြောင်းလဲနိုင်ရန် နှင့် စံစနစ်အနေဖြင့်လည်း သတ်သတ်မှတ်မှတ်ရှိအောင် လက်ရှိကာလပေါက်ဈေးနှင့် ကွာခြားလျက်ရှိနေသည့် မော်တော်ယာဉ် စံဈေးနှုန်းများကို လက်ရှိမော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းများ၊ မော်တော်ယာဉ်ရောင်းဝယ်သည့် ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းပြီးပြန်၍ သတ်မှတ် ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။