(ခ)-ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကို ကျပ်သိန်း(၁,၀၀၀) မှ ကျပ်သိန်း(၂,၀၀၀) သို့မဟုတ် အခြား ပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဖွံ့ဖြိုးရေး ရန်ပုံငွေသည် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေနှင့်အညီ ပေးအပ်သည့် ရန်ပုံငွေဖြစ်ပြီး ပြည်သူလူထု၏အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတားနှင့် ရေရရှိရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ရန်ပုံငွေဟု ခေါ်သော်လည်း ဌာနဆိုင်ရာ အသီးသီး၊ အုပ်ချုပ်ရေးမှူးအသီးသီးသာမက အခြေခံပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ရန်ပုံငွေကိုတိုးပေးစေလိုသည့် အဓိကအကြောင်းအရင်း သုံးချက်ကို တင်ပြလိုပါကြောင်း၊ ပထမအချက်အနေဖြင့် ရန်ပုံငွေကို ပြည်သူလူထုကိုယ်တိုင် ကော်မတီဖွဲ့ ကိုင်တွယ်သုံးစွဲရခြင်းဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရသည့်အတွက် ပြည်သူ လူထုများအနေဖြင့် ကိုယ်နှင့်ဆိုင်သည်ဆိုသည့် စိတ်(Sense of belonging)ကို ရစေပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ပေးအပ်သည့်ငွေနှင့် အကျိုးရလဒ်အချိုး မြင့်မားခြင်းဖြစ်ပါကြောင်း၊ ကျပ်သိန်း ၅၀ သို့မဟုတ် ကျပ်သိန်း ၃၀ ခန့် ပေးလိုက်သည်နှင့် ကျပ်သိန်း ၁၀၀ နီးပါးခန့်ထိအောင် ကျေးရွာများက အကောင်အထည်ဖော်ကြပါကြောင်း၊ ကျေးရွာများကို ရန်ပုံငွေချပေးလိုက် မည်ဆိုပါက ကျေးရွာများသည် ၎င်းတို့ ကိုယ်ကိုယ်တိုင် ရန်ပုံငွေကို ထပ်မံထည့်သွင်းရုံသာမကဘဲ လုပ်အားပါစိုက်ထုတ်လုပ်ကြသည့်အတွက် လုပ်ငန်းအောင်မြင်မှု အလွန်မြင့်မားပါကြောင်း၊ တတိယ အချက်အနေဖြင့် မဲဆန္ဒနယ်များ၏ လိုအပ်ချက်မြင့်မားခြင်းဖြစ်ပါကြောင်း၊ ကောလင်းတွင် ကျေးရွာ ပေါင်း ၂၁၁ ရွာရှိပြီး ကျေးရွာအသီးသီးကိုဆက်သွယ်ထားသည့် လမ်း၊ တံတားအများသည် ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျေးရွာများကို ထိုက်သင့်ရန်ပုံငွေ ချပေးလိုက်သည့်အခါ ကျေးရွာများ ကိုယ်ကိုယ်တိုင်လည်း စိုက်ထုတ်ပြီး တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် ကြိုးစား ပြုပြင်ကြခြင်းဖြစ်ပါကြောင်း၊
ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင်လည်း အားနည်းချက်အချို့ရှိပါကြောင်း၊ ဥပမာ- ပေးအပ်နိုင်သည့် အများဆုံးငွေက ကျပ်သိန်း ၅၀ သာဖြစ်ပြီး လုပ်ရမည့်လုပ်ငန်းပမာဏသည် သိန်းရာချီကုန်ကျမည့်လုပ်ငန်းများကို စံမီအောင် မလုပ်နိုင်ခြင်း၊ ကျေးရွာသားများ ကိုယ်တိုင်ဆောင်ရွက်ရသည့်အတွက် နည်းပညာအားနည်းခြင်း များရှိပြီး ယင်းကဲ့သို့အားနည်းချက်များကို မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေးရွာ များ၊ သက်ဆိုင်ရာအင်ဂျင်နီယာဌာနများနှင့် ပူးပေါင်းပြီး အားနည်းချက်များ နည်းနိုင်သမျှ နည်း အောင် ဆောင်ရွက်နေကြပါကြောင်း၊ မဲဆန္ဒနယ်များ၏ လိုအပ်ချက်သည်လည်း တူညီခြင်းမရှိဘဲ တချို့ဖွံ့ဖြိုးပြီးမြို့နယ်များ၊ Community- Driven Development Programme များရှိသည့် မြို့နယ် များအနေဖြင့် ရန်ပုံငွေ သိန်း ၁၀၀၀ ကို စိတ်ဝင်စားချင်မှုရှိချင်မှ ရှိမည်ဖြစ်ပါကြောင်း၊ သို့သော် မဲဆန္ဒနယ်အများစုသည် ဖွံ့ဖြိုးရေးရန်ပုံငွေလိုအပ်ချက်မြင့်မားနေပါကြောင်း၊ ပြည်သူ့လွှတ်တော် တွင် ကျေးလက်လမ်း၊ တံတားများကို ဦးစားပေးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို အတည်ဖြစ်ခဲ့သော်လည်း ကောလင်းမြို့နယ်တွင် ရန်ပုံငွေပိုရခြင်းမရှိဘဲ နှစ်စဉ် တစ်ဘီလီယံ အောက်သာ ရရှိပါကြောင်း၊ နှစ်ဘီလီယံမှ ငါးဘီလီယံကြား ရရှိသည့် အချို့မြို့များတွင် ကျေးလက် လမ်း၊ တံတား လိုအပ်ချက်နည်းသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာ မိမိတို့မြို့တွင် ၂၀၂၀-၂၁ ဘဏ္ဍာ ရေးနှစ်အတွက် ဘဏ္ဍာငွေလျာထားရာတွင် တစ်ဘီလီယံ အောက်သာလျာထားရန် ပြောသည့် အတွက် တံတားများသာလျာထားခဲ့ရပြီး လမ်းအနည်းအကျဉ်းသာ လျာနိုင်ခဲ့ပါကြောင်း၊ ယခုအချိန် တွင် ဆောင်ရွက်ရန် လျာထား လုပ်ငန်းပေါင်း ၂၀၀ ကျော် တင်ပြလာပြီး ပေးအပ်သည့်ရန်ပုံငွေဖြင့် ရွေးချယ်ရန် အင်မတန်ခက်ခဲပါကြောင်း၊ လိုအပ်ချက်များ ပြည့်မီနိုင်ရန် ကျပ်သိန်း ၃၀၀၀မှ ကျပ် သိန်း ၅၀၀၀ ခန့်အထိ လိုအပ်သော်လည်း တိုင်းပြည်အခြေအနေအရ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် ပေးနိုင်သည့် ပမာဏတစ်ခုခုကိုသာ တိုးမြှင့်ပေးနိုင်မည်ဆိုပါက ကျေးရွာအခြေခံလိုအပ်ချက်များကို ပိုပြီးဖြည့်ဆည်းနိုင်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကို ကျပ် သိန်း(၁၀၀၀) မှ ကျပ်သိန်း(၂၀၀၀) သို့မဟုတ် အခြား ပမာဏတစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။