(ဆ)-မိုင်းရယ်မြို့နယ်၊မန်မုံတိုက်နယ်ဆေးရုံအသစ်တည်ဆောက်ပြီးဖြစ်သဖြင့်လိုအပ်သော ဆေးရုံသုံး ပစ္စည်းများအား ဖြည့်ဆည်းပေးကာ မည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက် သွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-01

(ဆ)-မိုင်းရယ်မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံအသစ် တည်ဆောက်ပြီးဖြစ်သဖြင့် လိုအပ်သော ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရိဘောဂများနှင့် ဆေးရုံသုံးပစ္စည်းများအား ဖြည့်ဆည်းပေးကာ မည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

မိုင်းရယ်မြို့နယ်အတွင်းရှိ မန်မုံကျေးလက်ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၈/၂၀၁၅)တွင် သဘောတူညီပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၁၂-၅-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ကမပ/က ၁၄၀၇/၁၆၁ ဖြင့် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ပါကြောင်း၊

မိုင်းရယ်မြို့နယ်၊ မိုင်းဟက်၊ မန်ပုံကျေးရွာအုပ်စုအတွင်းရှိ မန်မုံတိုက်နယ်ဆေးရုံ၏ ဝန်ထမ်း အင်အား၊ တည်ဆောက်ရေးလုပ်ငန်းများကို ၁၄-၁၂-၂၀၁၇ ရက်နေ့တွင် စတင်ပြီး နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၀၀ ဖြင့်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၀၀ ဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၅၀ ဖြင့်လည်းကောင်း စုစုပေါင်းကျပ်သန်း ၅၅၀ ဖြင့် တည်ဆောက်ပြီး ၄-၃-၂၀၁၉ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း၊ သို့ဖြစ်၍ မိုင်းရယ်မြို့နယ်အတွင်းရှိ မန်မုံကျေးလက် ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ခွင့်ပြုချက် ရရှိပြီးဖြစ်ခြင်း၊ တိုက်နယ်ဆေးရုံ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ခြင်း တို့ကြောင့် တိုက်နယ်ဆေးရုံအသစ်အတွက်လိုအပ်သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရိဘောဂနှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းပေးပြီး အစောဆုံးမည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။