(ဃ)လက်ပံတန်းမြို့နယ်ရှိ သာရဝေါတိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-01

လက်ပံတန်းမြို့တွင် သာရဝေါတိုက်နယ်ဆေးရုံ၊ ခမုံတိုက်နယ်ဆေးရုံနှင့် ဇီးဖြူကုန်း တိုက်နယ် ဆေးရုံများရှိပါကြောင်း၊ အဆိုပါတိုက်နယ်ဆေးရုံသုံးရုံထဲတွင် သာရဝေါတိုက်နယ်ဆေးရုံသည် ၁၉၆၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး လက်ပံတန်းမှ မိုင် ၂၀ ကွာဝေးပြီး ဧရာဝတီ မြစ်ကမ်းနံဘေးနားတွင် တည်ရှိပါကြောင်း၊ အဆိုပါဆေးရုံကို သာရဝေါတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာပေါင်း ၄၂ ရွာနှင့် အိမ်ထောင်စုပေါင်း ၃၉၀၀၊ လူဦးရေပေါင်း ၃၉၀၀၀ နီးပါး မှီခို အားထားနေရပါကြောင်း၊ သာရဝေါတိုက်နယ်ဆေးရုံတွင် ယခု ဝန်ထမ်းအိမ်ရာတစ်ခု ဆောက်လုပ် ဆဲဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာသည် အဆင်ပြေသော်လည်း ပင်မဆေးရုံကြီးသည် နှစ်ပေါင်း ၅၆ နှစ်ကြာမြင့်ပြီဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်သည့် လူနာများအတွက် အန္တရာယ်ရှိနေပါကြောင်း၊ ဧရာဝတီမြစ်ကမ်းဘေးနားတွင် ရှိသည့်အတွက် လေမုန်တိုင်းဒဏ်၊ ငလျင်ဒဏ်၊ ခွဲစိတ်ခန်းတွင်လည်း အန္တရာယ်ရှိနေပါကြောင်း။

သာရဝေါတိုက်နယ်ဆေးရုံသည် ဥပဓိရုပ်မကောင်းတော့ဘဲ အတွင်းရှိအခန်းများသည်လည်း အန္တရာယ်ရှိနေပြီဖြစ်သည့်အတွက် ပြည်သူ့အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်များကို တစ်နှစ်နှင့်တစ်နှစ် ပိုမိုသုံးစွဲနေပြီဖြစ်သည့်အတွက် မိမိ တို့တိုက်နယ်ဆေးရုံကို အသစ်ဆောက်လုပ်ပေးမည်ဟု ဒေသခံပြည်သူများက ယုံကြည်နေ ပါကြောင်း၊ ထို့ကြောင့် အသစ်ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။