(င)-နိုင်ငံတွင်းမှာ ပဋိဇီဝဆေးယဉ်ပါးမှု Antimicrobial Resistance(AMR) မဖြစ်အောင် မည်သို့ ဆောင်ရွက်ထားရှိကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-01

 

မိမိတို့နိုင်ငံတွင်  အဓိကပြဿနာကြီးများသည် အုပ်စုအနေဖြင့် သုံးခုရှိပါကြောင်း၊ ပထမ မိခင်နှင့် ကလေး သေဆုံးမှုမြင့်မားခြင်း၊ ဒုတိယ မကူးစက်သည့် ရောဂါဖြစ်ပွားမှုများ များပြားလာနေခြင်းနှင့် တတိယ ရေှးယခင်ကတည်းက ကူးစက်တတ်ရောဂါများဖြစ်ပွားမှုများခြင်းများဖြစ်ပါကြောင်း၊ ကူးစက် ရောဂါများတွင်  ဘတ်တီးရီးယားကြောင့်ဖြစ်ည့် ကူးစက်ရောဂါ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကူးစက် ရောဂါ၊ ပရိုတိုဇွာကြောင့်ဖြစ်သည့် ကူးစက်ရောဂါနှင့် ဖန်းကပ်ကြောင့်ဖြစ်သည့်ကူးစက်ရောဂါများဟူ၍ အကောင်လေးမျိုးမှ ဖြစ်ပွားစေပါကြောင်း၊ အဆိုပါ ပိုးမွှားများသေစေရန် သက်ဆိုင်ရာပုံစံမတူသည့် ဆေးဝါးများကို သုံးစွဲရခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတွင်  Bacterial Infection ကြောင့်ဖြစ်သည့် ပိုးကိုသေစေရန်သုံးသည့်  Antibiotics သုံးစွဲမှုသည် အလွန်ကိုများပြားနေပါကြောင်း၊

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Antivirals Aware Week ဆိုပြီး နှစ်စဉ် နိုဝင်ဘာလတွင် ဆောင်ရွက်နေသကဲ့သို့  ၂၀၁၉ ခုနှစ်အတွင်း ဆားဘီးယားနိုင်ငံတွင် ကျင်းပသည့် International Parliamentary Union ဆုံးဖြတ်ချက်တွင်လည်း Antimicrobial Resistance သည် အရေးကြီးကိစ္စတစ်ခုဖြစ်လာကြောင်းနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင်လည်း Antibiotics Resistance က အရေးကြီးလာပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်များကိုချမှတ်ခြင်း ဖြစ်သည့်အတွက်  မိမိတို့နိုင်ငံအနေဖြင့်လည်း လိုက်နာဆောင်ရွက်ရန်ရှိပါကြောင်း၊

မိမိတို့နိုင်ငံအတွင်း လေ့လာကြည့်ရာတွင် ပဋိဇီဝဆေးများကို ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ယူ နိုင်ပါကြောင်း၊ စပ်ဆေးထုတ်များ ဝယ်ယူနိုင်ပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင်လည်း စနစ်ကျသည့် အသုံးချမှုများ အားနည်းနေသေးပါကြောင်း၊ လူနာများသောက်သုံးသည့်နေရာများတွင်လည်း ဆေးဝါးများကို မလိုသည့်နေရာများတွင် သုံးစွဲနေပါကြောင်း၊ အားပြည့်အချိန်ပြည့်သောက်ရမည် များတွင်လည်း အားနည်းလျက်ရှိပါကြောင်း၊   တစ်ဖက်တွင်လည်း မွေးမြူရေးဆိုင်ရာကိစ္စများ အလွဲသုံး ဖြစ်နေသည်များရှိသကဲ့သို့  ပြည်တွင်းကိုလည်း မှတ်ပုံတင်မဲ့နှင့် ထိန်းချုပ်မှုမဲ့ ဝင်ရောက်နေသည့် ပဋိဇီဝဆေးများ အများအပြားရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများကို ဖြေရှင်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ  ပြင်ပဆေးရုံ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ သက်ဆိုင်ရာနှီးနွှယ်ဌာနပေါင်းစုံနှင့် ပြည်သူလူထုအများစုက ဝိုင်းဝန်းကူညီဆောင်ရွက်မှသာလျှင် ပဋိဇီဝဆေးယဉ်ပါးမှုကို တိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊  အဆိုပါ ပြဿနာသည်  မြန်မာနိုင်ငံတစ်ခုတည်း၏ ပြဿနာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း   ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများ များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနေပြီး မည်သို့ မည်ပုံကာကွယ်စောင့်ရှောက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။