(ဂ)-တံတားဦးမြို့နယ် မြို့လယ်လမ်းမကြီးဖြစ်သော ကျောက်ဆည်-တံတားဦးလမ်းအား ပြုပြင် ဆောင်ရွက်ခဲ့မှုတွင် အရည်အသွေးမပြည့်မီမှုအပေါ် ပြန်လည်ဆောင်ရွက်ပေးမှုအခြေအနေကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ တံတားဦးမြို့တွင်းလမ်း ကတ္တရာလမ်းထပ်ပိုး လွှာခင်းခြင်း၊ လမ်းချဲ့ခြင်းမှာ ကျော်လမင်းကုမ္ပဏီမှတာဝန်ယူပြီး လမ်းများတိုးချဲ့ခြင်းအစရှိသဖြင့် လမ်းပိုင်းဆိုင်ရာလိုအပ်သည်များကို ၁-၁၂-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ လမ်းပြုပြင်မှု ပြီးစီးပြီး နိုင်ငံတော်အစိုးရထံအပ်နှံပြီးစီးသည်ဟုဆိုသော်လည်း ကျော်လမင်းကုမ္ပဏီမှ တာဝန်ယူ ခဲ့သည့် လမ်းမကြီးတွင် ကတ္တရာများလွန်စွာနည်းနေသောကြောင့် လမ်းဘေးဝဲယာတွင်နေထိုင်ကြသော မဲဆန္ဒရှင်ပြည်သူများမှ မိမိထံပြုပြင်ထားသည့်နေရာသို့ လာရောက်စစ်ဆေးမှုများပြုလုပ် နိုင်ရန် အကူအညီတောင်းခံတင်ပြခဲ့ရာ လမ်းအရည်အသွေးမပြည့်မီဟု သိရှိထားပါသောကြောင့် မဲဆန္ဒရှင်ပြည်သူများနှင့် မြို့မိမြို့ဖများ၏အကူအညီတောင်းခံမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် သဘောတူညီချက်ရယူပြီး အဆိုပါလမ်းမကြီးကို ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ရာ နေရာငါးနေရာ၊ တစ်နေရာ နှစ်ပေါက် စစ်ဆေးသည့်အနက်မှ အပေါက် ၁၂ နေရာ၊ တစ်နေရာ တွင်သာ သတ်မှတ်အရည်အသွေးပြည့်မီကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊
၎င်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များပြည့်မီစေရန် တန်ဖိုးတွက်သည့်အခါ အနည်းဆုံးကျပ်သိန်း ၃၀၀ ကျော်နှင့် အများဆုံးကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးလိုအပ်ကြောင်း အမျိုးမျိုးတွက်ချက်တင်ပြခဲ့ခြင်းသာဖြစ်ပါကြောင်း၊ အမှန်တကယ် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်မှာ PT (၁၁)ခုအတွက် စုစုပေါင်းလျော့သည့်ထု ၄၈ လက်မထု အတွက် PT (၁) ခုလျှင် ပျမ်းမျှအလျော့ထု ၄.၃၆ လက်မလျော့နည်းနေကြောင်း လမ်းဦးစီးဌာနမှ စစ်ဆေး တွေ့ရှိချက်အရ တင်ပြထားပါကြောင်း၊ ၎င်းစစ်ဆေးတွေ့ရှိချက်အရ အဖြေမှန်တစ်ခုတည်းအပေါ် တွင်သာ တွက်ချက်တင်ပြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ မြို့လယ်လမ်းမကြီးအရည်အသွေးမပြည့်မီ ခြင်းကို သိရှိပြီးဖြစ်သော်လည်း လုပ်ငန်းပြီးဆုံးအပ်နှံပြီးသည့်နောက် ငါးလကြာသည်အထိ အစားထိုးပြန်လည်ပြုပြင်ပေးခြင်းမရှိသည့်အတွက် မြို့မိမြို့ဖများမှ၊ မိမိတို့မှ တိုင်းဒေသကြီးလျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးထံ ၉-၇-၂၀၁၈ ရက်နေ့က ဖြစ်ရပ်မှန်ပေါ်ပေါက် လာစေရေးအတွက် သွားရောက်တင်ပြတောင်းဆိုခဲ့ကြပါကြောင်း၊
ယခုကဲ့သို့ သွားရောက်တင်ပြရခြင်းမှာ လမ်းမကြီးတည်ဆောက်မှု၊ ပြုပြင်မှုတွင် လမ်းအရည် အသွေးပြည့်မီမှုရှိ/မရှိစိစစ်ရန် တာဝန်ရှိသော သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ တည်ဆောက် ရေးလုပ်ငန်းအဆင့်ဆင့်ကို စိစစ်ကြီးကြပ်ရန်တာဝန်ပျက်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အရည် အသွေးမပြည့်မီသည့်လမ်းမကြီးဖြစ်လာရခြင်းမှာ သိသာထင်ရှားလာပါကြောင်း၊ အရည်အသွေး ပြည့်မီကြောင်း စိစစ်ဆုံးဖြတ်အတည်ပြုခဲ့သည့်အတွက် လမ်းမကြီးလုပ်ငန်းစဉ် ပြီးဆုံးပြီး တည်ဆောက်မှုတာဝန်ယူသူ ကျော်လမင်းကုမ္ပဏီမှ နိုင်ငံတော်သို့အပ်နှံပါကြောင်း၊ လမ်းဦးစီး ဌာနအနေဖြင့် ဝန်ကြီးထံအမှန်တကယ်တွက်ချက်တင်ပြရမည်မှာ ၄.၃၆ အလျော့တွက်တန်ဖိုး ဖြစ်ပါလျက် တစ်လက်မခွဲခန့်သာတွက်ချက်တင်ပြသည်ကိုလည်း မိမိအနေဖြင့် တွေ့ရှိ၊ သိရှိခဲ့ရ ပါကြောင်း၊ အမှန်အကန်တွက်ချက်တင်ပြရမည်ဆိုလျှင် ၄.၃၆ ထုအလျော့တွက်ကို သိန်း ၉၀၀ ကျော်တန်ဖိုးခန့်ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ သိရှိရသော်လည်း ဝန်ကြီး ထံသို့တင်ပြချက်မှာ လွဲမှားနေပါကြောင်း၊ ၎င်းနောက် ကျော်လမင်းကုမ္ပဏီမှ တာဝန်ယူပြုပြင် ခဲ့သော်လည်း ပြန်လည်ပြုပြင်ထားသည့် လမ်းမကြီးမှာ အရည်အသွေးပြည့်မီပြီးကောင်းမွန်ခြင်း ရှိ/မရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကွင်းဆင်းကြည့်ရှုပါက ပိုမိုသိသာထင်ရှားမြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း၊
မဲဆန္ဒရှင်ပြည်သူအချို့နှင့် မြို့မိမြို့ဖများ၏ လမ်းအရည်အသွေးမပြည့်မီကြောင်း တင်ပြချက်အပေါ် မြေပြင်တွင်သွားရောက်ပြီး ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ မြို့လယ်လမ်းမကြီးဘေးရှိ အမှတ်(၃) အုပ်ချုပ်ရေးမှူးရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများဖြစ်ကြသည့် Third Party(QC) အဖွဲ့က သုံးယောက်၊ မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူး၊ စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ မြို့မိမြို့ဖများနှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် မြို့လယ်လမ်းမကြီးဖြစ်သော ကျောက်ဆည်-တံတားဦးလမ်းအား ပြုပြင်ဆောင်ရွက်ခဲ့မှုတွင် အရည်အသွေးမပြည့်မီမှုအပေါ် ပြန်လည်ပေးလျော် ဆောင်ရွက်ခဲ့မှုအခြေအနေ သိရှိလိုပါကြောင်း မေးမြန်းပါသည်။