(င)-မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ်အကြားရှိ မောချောင်းကိုဖြတ်၍ ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျည်းသည့်မေးခွန်း
နိုင်ငံတော် အစိုးရအနေဖြင့် ချင်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးရန် အားကြိုးမာန်တက်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ချင်းပြည်နယ်သည် ခေတ်အဆက်ဆက်က ဖွံ့ဖြိုးမှု နောက်ကျကျန်နေရစ်ခဲ့ခြင်းကြောင့် ယနေ့အချိန်အထိ လမ်းပန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာသော်လည်း လိုအပ်ချက်များ ရှိသေးပါကြောင်း၊ မောချောင်း သည် မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ်ကြားတွင်ရှိပြီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများနှင့် ထီးလင်းမြို့နယ်ရှိကျေးရွာများကို ချိတ်ဆက်ပေးသည့် လမ်းကြောင်းဖြစ်သည့်အတွက် မြို့နယ် ချင်းဆက်လမ်းဟု ဆိုနိုင်သကဲ့သို့ နောင်တစ်ချိန်တွင် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးတစ်ခုကို ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါကြောင်း၊ မင်းတပ်မြို့နယ် အရှေ့ ဘက်နှင့် အရှေ့မြောက်ဘက်ရှိ ကျေးရွာများသည် မင်းတပ်မြို့နယ်နှင့် အလှမ်းကွာသွားသည့် အတွက် ထီးလင်းမြို့နယ်သာ အားပြုနေရပါကြောင်း၊ ထီးလင်းမြို့နယ်တွင် ဆန်၊ ဆီ၊ ဆား၊ ငါးပိများ သွားရောက်ဝယ်ယူခြင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက်လည်း အားကိုးနေရခြင်း တို့ကြောင့် အဆိုပါ လမ်းကြောင်းသည် အလွန်ပင်အရေးကြီးပါကြောင်း၊ သို့သော် အဆိုပါ လမ်းသည် နွေရာသီတွင် အဆင်ပြေသော်လည်း မိုးရာသီရောက်တွင် အလွန်ခက်ခဲကြမ်းတမ်းပြီး အဆင်မပြေမှု များရှိနေပါကြောင်း၊ မောချောင်းကိုဖြတ်ကျော်သည့် တံတားကိုသာ တည်ဆောက်ပေးမည်ဆိုပါက မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ်ရှိ ပြည်သူများအတွက် လူမှုဘဝတွေဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် ချင်းပြည်နယ်ရှိ ချင်းတိုင်းရင်းသားများနှင့် မကွေးတိုင်းဒေသကြီးရှိ တိုင်းရင်းသား ပြည်သူများ အချင်းချင်း ကူးလူးဆက်ဆံမှုတွေများပြားလာကာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပိုမိုရရှိနိုင်သည့်အချက်များပါ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်းတပ်မြို့နယ်နှင့် ထီးလင်း မြို့နယ်အကြားရှိ မောချောင်းကိုဖြတ်၍ ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် သိရှိလိုပါကြောင်း မေးမြန်းပါသည်။