(ဇ)-ထီးလင်းမြို့နယ်အတွင်း ဖြတ်သန်း ဖောက်လုပ်ထားသော မြိုင်-တောမ-ဂန့်ဂေါလမ်းပိုင်းမှ ထီးလင်း မြို့နယ်အတွင်းရှိ တောမလမ်းပိုင်းအား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ထီးလင်းမြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့် မြိုင်-တောမ-ဂန့်ဂေါလမ်းပိုင်းမှ ထီးလင်း မြို့နယ်အတွင်းတွင် ကျရောက်သည့် ဆေးကြီးတောင်နတ်ထိပ်မှ တောမလမ်းဆုံအထိ လမ်းပိုင်းအား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ပေးနိုင်မည်ကို သိလိုသည့်အတွက် မေးမြန်းသွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြိုင်-တောမ-ဂန့်ဂေါလမ်း သည် ထီးလင်းမြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားပြီး မြို့နယ်အတွင်းတွင် အရှေ့ဆေးကြီး တောင်နတ်ထိပ်မှ အနောက်တောမလမ်းဆုံအထိ ၂၈ မိုင် ရှိပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ဖောက်လုပ်ပြီး ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် လမ်းပိုင်း တော်တော်များများသည် ပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းလမ်းပိုင်းရှိ တောမ လမ်းဆုံမှ အရှေ့ဆေးကြီးတောင်နတ်ထိပ် အထိ ၂၈ မိုင်သည် ထီးလင်းမြို့နယ်အတွင်းတွင် ရှိပြီး ဒေသခံ ကျေးရွာပေါင်း ၁၅ ရွာမှ ပြည်သူများ အသုံးပြုနေရသည့် အရေးကြီးသည့် လမ်းပိုင်း တစ်ပိုင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အချိန်မီ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိပါက နှစ်စဉ်ရေတိုက်စားမှုများကြောင့် ပျက်စီးမှုများပိုမိုများပြားပြီး ယခင်ရင်းနှီးမြှုပ်နှံထားသည့် ပြည်သူ့ဘဏ္ဍာငွေများ အလဟဿဆုံးရှုံးသွားနိုင်သည့်အပြင် အချိန်နှောင်းမှ ပြုပြင်မည်ဆိုပါက အပ်ဖြင့်ထွင်ရမည့် ကိစ္စကို ပုဆိန်နှင့် ပေါက်ရသည့်ပုံစံ ဖြစ်သွားနိုင်ပါကြောင်း၊ အချိန်မီ ပြုပြင်မည်ဆိုပါက ငွေကြေး အကုန်အကျသက်သာမည်ဖြစ်ပြီး ဒေသခံပြည်သူများ အတွက်နှင့် နိုင်ငံအတွက် ပိုမိုအကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းတွင် အဓိက လိုအပ်နေသည်များမှာ မြေနီကျောက်စရစ် ခင်းပေးခြင်းများ၊ မြေထိန်းနံရံတည်ဆောက်ပေးခြင်းများ၊ လမ်းဘေး ရေမြောင်း တူးပေးခြင်းများနှင့် လိုအပ်သည့် နေရာများတွင် Box Culvert များ တည်ဆောက်ပေးရန် ဖြစ်ပါကြောင်း၊ ၎င်းတို့ကို အချိန်မီ ဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများ မျှော်လင့် တောင့်တနေကြသည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အထက်ပါလိုအပ်ချက်များကို အချိန်မီ ဆောင်ရွက်ပေး နိုင်ရန်အတွက် အထက်ပါ မေးခွန်းကိုမေးမြန်းပါသည်။