(က)-2019 Novel Coronavirus (၂၀၁၉-nCoV) ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ ကာ ကွယ်နှိမ်နင်းရန်အတွက်ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့်အသေအပျောက်နည်းပါးစေရန်မည်ကဲ့သို့ စီမံဆောင်ရွက်ပေးထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-01

ပြည်သူများကြောက်ရွံ့နေကြသော Coronavirus ကြောင့် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဖြစ်ပွားနိုင်ပြီး ၎င်းရောဂါကို တရုတ်ပြည်၊ ဝူဟန်မြို့တွင် စခဲ့သည့့်အတွက် ဝူဟန်ဗိုင်းရပ် ရောဂါ၊ ဝူဟန်အဆုတ်ရောင်ရောဂါဟုလည်း လူသိများကြပါကြောင်း၊ မနေ့ကရရှိသည့် သတင်းများ အရ တရုတ်ပြည်မကြီးတွင် သေဆုံးသူ ၉၀၈ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၉၁၀ ဦးရှိပြီဟု သိရပါကြောင်း၊ ရောဂါဖြစ်ပြီးပျောက်ကင်းသူ ၃,၀၀၀ ဦးကျော်ရှိသော်လည်း သေဆုံးသူသည် SARS ရောဂါကြောင့် သေဆုံးသည်ထက်ကျော်သွားပြီဖြစ်ပါကြောင်း၊ ရောဂါပိုး ကူးစက်သူ ၄၀,၀၀၀ ဦး ကျော်နှင့် သံသယရှိသူ ၂,၃၀၀ ဦးကျော်ရှိကြောင်း သတင်းများအရသိရှိနိုင်ပါကြောင်း၊ ယနေ့ ကမ္ဘာ့စံတော်ချိန်အရ သေဆုံးသည့်ဦးရေ ၁၀၁၈ ဦး၊ ကူးစက်ခံရသူ ၄၃,၀၀၀ ဦးရှိနေပြီ ဖြစ်ပါကြောင်း၊ သေဆုံးသူ ၉၁၀ ဦးရှိကြောင်း WHO က သတင်းထုတ်ပြန်နေဆဲ ဖြစ်ပါကြောင်း၊  SARS ရောဂါနှင့်နှိုင်းယှဉ်ချက်အရ Wuhan Corona Virus သည်စဖြစ်ပြီး ၃၃ ရက်အကျော်တွင် SARS ရောဂါထက်ရှစ်ဆပိုပြီး ကူးစက်နိုင်စွမ်းရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါကာကွယ် ရေး၊ ပညာပေးရေးတို့အတွက် အထူးဆောင်ရွက်ရန်လိုအပ်သော ကူးစက်မြန်ရောဂါတစ်မျိုး ဖြစ်ပါကြောင်း၊ မိမိတို့၏အိမ်နီးချင်း တရုတ်ပြည်ကြီးတွင် သေဆုံးမှုနှုန်းအများဆုံးနှင့် ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေသည့်အတွက် စိုးရိမ်နေသောပြည်သူများအတွက် ရှင်းပြရန်အကောင်းဆုံး အချိန်ဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၁၀-၂-၂၀၂၀ ရက်နေ့ ည ၈ နာရီအချိန် သတင်းထုတ်ပြန် ချက်အရ သံသယလူနာတစ်ဦးအပါအဝင် လူနာ ၂၀ ဦးခန့်ရှိလာပြီ ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံတွင်လည်း ပေါ့ဆ၍မရကြောင်း သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၉-၂-၂၀၂၀ ရက်နေ့က ထုတ်ပြန်သော Situation Report 20 တွင် မြန်မာအပါအဝင် ဒေသဆိုင်ရာနှင့် ကမ္ဘာ့အဆင့်တွင် ကူးစက်မှုအန္တရာယ် မြင့်မားနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါကြောင်း၊ ရောဂါကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို ကောင်းမွန်သည် ဟုဆိုကြသော်လည်း ကပ်ရောဂါအသွင်ဖြစ်ပွားလာမည်ဆိုလျှင် ပြည်သူလူထုအထိအခိုက် အသေ အပျောက်နည်းစေရန် ကြိုတင်စီမံထားရန် နိုင်ငံတော်အစိုးရအနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်မိပါကြောင်း၊ လူထုက ကာကွယ်ဆေးမရှိ၊ ကုသဆေးမရှိသည့်အတွက်၊ ၎င်းဗိုင်းရပ် အန္တရာယ်ကို သေချာပညာမပေးနိုင်သေးခင် ကြောက်ရွံ့နေကြသလို ကာကွယ်ရေး ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများ ဂရုမစိုက်ကြရင်လည်း အားလုံးအတွက်အန္တရာယ်ရှိပါကြောင်း၊

ဝူဟန်ဗိုင်းရပ်ကူးစက်လူနာကို မိမိတို့နိုင်ငံတွင် မတွေ့ရသေးသော်လည်း သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်ဝမ်၊ တောင် ကိုရီးယားနိုင်ငံများအထိ ပျံ့နေပြီဖြစ်သည့်အတွက် မြန်မာပြည်ကိုလည်း အချိန်မရွေးဝင်ရောက် ပျံ့နှံ့လာနိုင်ပါကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်‌ရေး စခန်းဂိတ်များတွင် စောင့်ကြည့်စစ်ဆေး၊ ရှာဖွေညွှန်းပို့လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကြိုဆို ရမည်ဖြစ်ပြီး နယ်စပ်တရားမဝင်ဝင်ပေါက်များမှတစ်ဆင့် ဥပဒေမဲ့ ဥဒဟိုဝင်ထွက်သွားလာ နိုင်ကြသည့်အတွက် တစ်ဖက်နိုင်ငံက ရောဂါပိုးများအချိန်မရွေးဝင်ရောက်နိုင်ပြီး ထိန်းချုပ်ရခက်ခဲ နေသော ပကတိအခြေအနေကို အသိအမှတ်ပြုဖြေရှင်းဆောင်ရွက်နိုင်ရမည် ဖြစ်ပါကြောင်း၊ ဝူဟန်ဗိုင်းရပ်သံသယလူနာငါးဦး မူဆယ်ဘက်သို့ ထွက်ပြေးရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းကလည်း ပြည်သူလူထု၏စိုးရိမ်ထိတ်လန့်မှုကို ပိုမိုဆိုးရွားသွားစေခဲ့ပါ ကြောင်း၊

Digital Literacy အားနည်းသော မိမိတို့နိုင်ငံအတွက် ဝူဟန်သို့ အလည်တစ်ခေါက်လိုဗွီဒီယိုမျိုး Facebook ပေါ်တွင် ပျံ့နှံ့ခဲ့ရာတွင် လေးရက်အတွင်းကြည့်ရှုသူ ၅.၄ သန်းရှိနေသော်လည်း WHO က အင်္ဂလိပ်ဘာသာဖြင့် အသိပညာပေးချက်များကို ဇန်နဝါရီလ ၁၅ ရက်နေ့မှသာ ထုတ်ပြန်နိုင်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအစီအစဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ လ ၂၉ ရက်နေ့အထိ ဖော်ပြနိုင်ခြင်းမရှိဘဲ အကြိမ် ၈၀၀ သာ လူထု၏မျှဝေမှုရှိခြင်းတို့သည် သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ချက်များကို ပြည်သူလူထုကို ထိရောက်စွာရှင်းပြပေးရန် လိုအပ်နေသည့်အချက်များ ဖြစ်ပါကြောင်း၊ ၎င်းဗိုင်းရပ်နှင့်ပတ်သက်၍ သတင်းတု၊ သတင်းယောင်များ အားကောင်းနေ ကြောင်းနှင့် တရားဝင်သတင်းဌာနများက အချိန်မီဆောလျင်စွာ သတင်းမှန်များ၊ ကာကွယ်ကုသရေး အစီအစဉ်များ ထုတ်ပေးရန်လိုအပ်နေကြောင်း ညွှန်ပြနေပါကြောင်း၊ ကူးစက်ရောဂါစတင်ဖြစ်ပွား သော အစောပိုင်းအဆင့်များတွင် ကြောက်ရွံ့ခြင်းသည် မည်သည်ကိုမျှမသိခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များကဆိုကြ၍ ကာကွယ်ကုသရေးလုပ်ငန်းများတွင် တည်ဆဲကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့်အညီ အဆိုပါရောဂါကို ပြည်သူများပါဝင်၍ ကာကွယ်ကုသခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ 2019 Novel Coronavirus (2019-nCoV)ကြောင့်ဖြစ်ပွားသော ရောဂါကာကွယ်နှိမ်းနင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက  မည်သို့စီမံဆောင်ရွက်ထားသည် ကို  လွှတ်တော်မှတစ်ဆင့် ပြည်သူလူထုသိရှိနိုင်ရန်အတွက် ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန် သောကများနေကြသော ပြည်ထောင်စုတစ်ဝန်းမှ ပြည်သူများကိုယ်စား  မေးမြန်းရခြင်း ဖြစ်ပါ ကြောင်း မေးမြန်းပါသည်။