(က)-နန်းယွန်းမြို့နယ်ရှိ ပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ပေးမည့်အစီအမံများအား သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-01


နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ကျောက်တိုင် အမှတ် (BP-173) နေရာတွင် တည်ရှိသည့် နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ မြို့ပေါ် ရပ်ကွက် အပါအဝင် မြို့အနီးတစ်ဝိုက် ပတ်ဝန်းကျင်ကျေးရွာပေါင်း ၂၁ ရွာ၊ လူနေအိမ်ခြေ ၂၀၀၀ ကျော်နှင့် လူဦးရေစုစုပေါင်း ၂၀၀၀၀ ဝန်းကျင်ရှိပြီး နောင်ရမ်းအင်းကိုဗဟိုပြုနေထိုင်ပြီး ရိုးသားစွာနှင့် လယ်ယာလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုကြသည့် တိုင်းရင်းသားများ ဖြစ်ကြပါကြောင်း၊
တည်ငြိမ်အေးချမ်းသောနယ်မြေဒေသဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးရေးအစစအရာရာတွင် ဖွံ့ဖြိုးတိုးတက်မှုနောက် အကျဆုံးဒေသ တစ်ခု လည်းဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပန်ဆောင်၌ နယ်စပ်ဈေးဖွင့်ပေးရန် တိုင်းအဆင့်အစိုးရအဖွဲ့က အတည်ပြုခဲ့ကြပြီး ဒေသခံပြည်သူများကိုလည်း  ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စတင်အကောင်အထည်ဖော်ရန် ပြောကြားခဲ့သည့်အတွက်  ပြည်သူ့ထည့်ဝင်ငွေများဖြင့် ဈေးဆိုင်ခန်းများကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့ကြပါကြောင်း၊ အဆိုပါ ဈေးဆိုင်ခန်းများကို အသုံးမပြုခဲ့သည့်နှစ်များကြာမြင့်လာသည့်အတွက် တချို့ဆိုင်ခန်းများသည် ဟောင်းနွမ်းပျက်စီး နေပါကြောင်း၊
ဒေသခံပြည်သူများ၏ အကြိမ်ကြိမ်တင်ပြတောင်းခံမှုများကြောင့် ပန်ဆောင်မြို့တွင် တရားဝင် နယ်စပ်ဈေးဖွင့်လှစ်ပေးနိုင်ရန် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ခရီးစဉ်များတွင်  အကြိမ်ကြိမ် တင်ပြ တောင်းခံနေသကဲ့သို့ လွှတ်တော်ကြီးတွင် တင်ပြရခြင်းဖြစ်ပါကြောင်း၊
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံအစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ သံအမတ် ဦးမိုးကျော်အောင်တို့သည် အိန္ဒိယနိုင်ငံဘက်ခြမ်းနယ်စပ်ဈေးကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း ပန်ဆောင်မြို့ နယ်စပ်ဈေးကို တရားဝင်ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက ဒေသတွင်းတစ်နိုင်တစ်ပိုင်လုပ်ကိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ဒေသထွက်ကုန်များကို အိန္ဒိယနိုင်ငံဘက်ကို အလွယ်တကူတင်ပို့ရောင်းချနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများအတွက် ဝင်ငွေ ရရှိနိုင်သည့်အခွင့်အလမ်းများ ရရှိလာစေနိုင်မည်ဖြစ်ပါကြောင်း၊  ထို့အတူ စိုက်ပျိုးမြေတိုးချဲ့ လုပ်ကိုင်လာနိုင်မှုများရရှိလာစေနိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးအခန်းကဏ္ဍကို မြှင့်တင်ပေးရာ ရောက်သည့်အတွက် ပြည်သူများ၏ လူနေမှုဘဝများ များစွာတိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အခြေခံလိုအပ်ချက်ဖြစ်သော တည်ဆောက် ရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များကိုလည်း အလွယ်တကူဝယ်ယူနိုင်မည်ဖြစ်သည့် အတွက် ဒေသခံပြည်သူများ၏ လူနေမှုဘဝကို များစွာဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးအား ဖွင့်လှစ်ပေးရန် မည်သို့စီမံဆောင်ရွက်နေကိုလည်းကောင်း၊ မည်သည့်အချိန်တွင် တရားဝင် ဖွင့်လှစ်ပေးမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။