(ဂ)-နိုင်ငံအတွင်းဆောင်ရွက်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့၏ အခြေအနေများနှင့် ပတ်သက်ပြီး သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
အထူးစီးပွားရေးဇုန်(၃)ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် ကျောက်တန်း မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိထားဝယ် အထူးစီးပွားရေး ဇုန်နှင့် ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့မှ ဆောင်ရွက်နေမှု အခြေအနေတို့ကို သိလိုခြင်းဖြစ်ပါကြောင်း၊
မေးမြန်းရသည့် ရည်ရွယ်ချက်က နိုင်ငံ၏အဓိကစီးပွားရေးဇုန်(၃)ခု ၏အခြေအနေအပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပေါ်လာနိုင်မည့် အခြေအနေ၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများတွင် သွင်းကုန်လျှော့ချနိုင်မည့် ရင်းနှီးမြှုပ်နှံများလာပါက နိုင်ငံအတွက် ပို့ကုန်ပိုလာသည့်အတွက် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်မှု လျှော့ချလာနိုင်မည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးလာသည်နှင့်အမျှ လိုအပ်သောလျှပ်စစ်ဓာတ်အားများ ကြိုတင်တွက်ချက်နိုင်ရန်နှင့် ၎င်းစီးပွားရေးဇုန်(၃)ခု အခြေအနေ တိုးတက်မှုအပေါ်မူတည်ပြီး နိုင်ငံအတွင်းမှာ ငြိမ်သက်နေသော Stop Share ဈေးကွက်များ တိုးတက်လာစေရန်နှင့် အဆိုပါဈေးကွက်တိုးတက်လာသည်နှင့်အမျှ ကျပ်ငွေတန်ဖိုး တည်ငြိမ်ပြီး ငွေဖောင်းပွမှုများ ထိန်းလာနိုင်ရန်အတွက် မြေယာသိမ်းဆည်းမှုအတွက် လျော်ကြေးပေးရန်ရှိပါက ဘတ်ဂျက်ရေးဆွဲရာတွင် ကြိုတင်တွက်ချက်လျာထားနိုင်ရန်အတွက် ရည်ရွယ်မေးမြန်းခြင်း ဖြစ်ပါကြောင်း၊
သီလဝါအထူးစီးပွားရေးဇုန်ကို ၂၁-၄-၂၀၁၂ မှ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်ကို အခြေခံပြီး ၂၁-၁၂-၂၀၁၂ ရက်နေ့ ရန်ကုန်မြို့တွင် မြန်မာ-ဂျပန်ပူးပေါင်း ဆောင်ရွက်ရေးလက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၉/၂၀၁၃)နှင့် ကျောက်တန်းမြို့နယ်မှ မြေဧရိယာ ၃၄၉၇.၅၃ ဧကနှင့် သန်လျင်မြို့နယ်မှ မြေဧရိယာ ၁၅၂၉.၄၉ ဧက စုစုပေါင်း ၅၀၂၇.၀၂ ဧကကို တစ်နှစ်မြေငှားရမ်းခ ကျပ်သန်း ၆၀.၃၂၄ နှင့် မြေငှားဂရန်ထုတ်ပေးခဲ့ကြောင်း သိရပါကြောင်း၊ ရင်းနှီးမတည်မှုအနေဖြင့် စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီက ၁၀ ရာခိုင်နှုန်း၊ မြန်မာ-ဂျပန်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လိမိတက်က ၄၁ ရာခိုင်နှုန်း၊ JICA က ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီသုံးခုနှင့်ဖွဲ့ထားသော ကုမ္ပဏီက ၃၉ ရာခိုင်နှုန်း ပါဝင်ရင်းနှီး မြှုပ်နှံထားပြီး ၃၀-၉-၂၀၁၇ ထိ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံ ၁၇ နိုင်ငံ၏ကုမ္ပဏီ ၈၆ ခုက US ဒေါ်လာ ၁.၁၇၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်းသိရပါကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၁-၁၁-၂၀၁၃ ရက်နေ့ ထားဝယ်မှဘန်ကောက်ထိဆက်သွယ်နိုင်ရန် ထိုင်းအီတာလျံ ကုမ္ပဏီနှင့် MOU ရေးထိုးခဲ့သော်လည်း လုပ်ငန်းမဆောင်ရွက်နိုင်ဘဲ လုပ်ငန်းရပ်စဲရန်သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါကြောင်း၊ ၅-၈-၂၀၁၅ ရက်နေ့တွင်ထိုင်းအစိုးရနှင့် စင်ကာပူတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ဘန်ကောက်နှင့် ချိတ်ဆက်မည့် လမ်းဆောင်ရွက်ရန် MOU ရေးထိုးခဲ့ကြောင်း သိရပါကြောင်း၊ ပထမအနေဖြင့် NEDA ၏ ချေးငွေနှင့် စက်မှုဝန်ကြီးဌာနပိုင် မြေ ၆၀၃၃.၄၉ ဧကနှင့် မရွေ့ပြောင်းနိုင်သော ပုံသေပိုင်ပစ္စည်းများကို စီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီက လက်ခံပြီး JICA က Master Plan Survey ပြုလုပ်ပြီး မြေငှားစာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရပါကြောင်း၊
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်တွင် စက်မှုဧရိယာ ၂၄၄၆.၀၇၊ လူနေအိမ်ရာဧရိယာ ၁၂၃၅.၃၇ ဧက၊ ရေနက်ဆိပ်ကမ်းအမှတ်(၁)ဧရိယာ ၃၇၀.၆၆ပ ဧက နှင့် အမှတ်(၂)ဧရိယာ ၂၃၇.၂၂ ဧက စုစုပေါင်း ၄၂၈၉.၃၂ ဧက ဆောင်ရွက်နိုင်ရန် စီမံကိန်းများ ရှိကြောင်း သိရပါကြောင်း၊ (၁/၂၀၁၂)လမှ (၇/၂၀၁၃)လအထိ ကွင်းဆင်းလေ့လာပြီး တင်ဒါ ခေါ်ယူသည့်အခါ နိုင်ငံ ၁၆ နိုင်ငံမှ ကုမ္ပဏီ ၁၇ ခုက အဆိုပြုလွှာ ၃၁ ခုအပေါ်စိစစ်ပြီး စင်ကာပူ CPG ကုမ္ပဏီကို အကြံပေးအဖြစ် ရွေးချယ်ခဲ့ပြီး CITIC ကုမ္ပဏီကို စက်မှုနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရွေးချယ်ခဲ့ကြောင်းသိရပါကြောင်း၊ အထူးစက်မှုဇုန်သုံးခု၏ အခြေအနေများ နှင့်ပတ်သက်ပြီး မေးမြန်းလိုသည်မှာ လက်ရှိအခြေအနေအထိ ဆောင်ရွက်ပြီး အခြေအနေများ နှင့်ပတ်သက်၍ အထူးစက်မှုဇုန်တစ်ခုချင်းအတွက် အသုံးပြုရန်လျာထားသည့်ခွင့်ပြုမြေဧကများတွင် ဧကမည်မျှထိ အသုံးပြုဆောင်ရွက်ပြီးအခြေအနေ၊ အသုံးပြုခွင့်ပေးထားသော မြေယာများ နှင့်ပတ်သက်၍ လျော်ကြေးပေးရန်ကိစ္စများ၊ စာရင်းရှင်းလင်းရန်ကိစ္စများ စာရင်းရှင်းလင်းပြီးမှု ရှိ/မရှိနှင့် ရှင်းလင်းဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေ၊ လက်ရှိအခြေအနေထိ စက်မှုဇုန် တစ်ခုချင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသောနိုင်ငံနှင့် ကုမ္ပဏီအရေအတွက်၊ ရင်းနှီးမြှုပ်နှံပြီး တန်ဖိုး၊ ရင်းနှီးမြှုပ်နှံရန် အဆိုပြုတင်ပြထားဆဲနိုင်ငံ၊ ကုမ္ပဏီအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြု တန်ဖိုး၊ ရင်းနှီးမြှုပ်နှံမှုမှနှုတ်ထွက်သွားသည့် ကုမ္ပဏီအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံတန်ဖိုးများ အခြေအနေကို သိလိုကြောင်း မေးမြန်းပါသည်။