(ခ)-၂၀၁၄ ခုနှစ် လူဦးရေ၊ အိမ်နှင့်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများစာရင်း(၁၃၅)မျိုးတွင် မပါဝင်သော ကုဒ်နံပါတ် (၉၁၄)(အခြား)ခေါင်းစဉ်တွင် တိုင်းရင်းသားလူမျိုးအမည်များကို ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-01


မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေ၊ အိမ်နှင့်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများစာရင်း(၁၃၅)မျိုးတွင် မပါဝင်သော တိုင်းရင်းသားလူမျိုးများ ကုဒ်နံပါတ် (၉၁၄)(အခြား)ခေါင်းစဉ်တွင် ရေးသွင်းဖော်ပြထားသော တိုင်းရင်းသားလူမျိုးအမည်များကို ဖော်ပြ ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း


၂၀၁၄ ခုနှစ်တွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးကိုအခြေခံ၍ သန်းခေါင်စာရင်းကောက်ယူရာတွင် ဌာနေတိုင်းရင်းသားအချို့တွင် မိမိတို့ခေါ်ဆိုသော လူမျိုးအမည်နာမကို (၁၃၅)မျိုးကုဒ်နံပါတ်တွင် မပါဝင်ကြောင်း၊ ထို့ကြောင့် (၁၃၅) မျိုးကုဒ်နံပါတ်မပါရှိသော တိုင်းရင်းသားလူမျိုးများသည် ကုဒ် နံပါတ်(၉၁၄)(အခြား)ဇယားခေါင်းစဉ်အောက်တွင် ရေးသွင်းကြပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လက်ရှိလူမျိုးနွယ်စုစာရင်း (၁၃၅)မျိုး သတ်မှတ်ထားပါကြောင်း၊ မိမိတို့ချင်းပြည်နယ် တွင် လူဦးရေနည်းပါးသော်လည်း (၅၃)မျိုးဟု သတ်မှတ်ထားပါကြောင်း၊ ထို(၅၃)မျိုးတွင် အိန္ဒိယနိုင်ငံ သားဖြစ်သော ကသဲလူမျိုးများပါဝင်ခဲ့သလို ညီအစ်ကိုတိုင်းရင်းသား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနာဂ လူမျိုးများလည်း ချင်းမျိုးနွယ်စုထဲတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် လူမျိုးနွယ်စုစာရင်းအားနည်းချက် များစွာရှိကြောင်း ထောက်ပြလိုပါကြောင်း၊ ထို့အပြင် မိမိတို့ဒေသဖြစ်သော ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်များတွင် စာရင်းအရ လူမျိုး(၁၀)မျိုးကျော်ရှိပြီး အမှန်တကယ် လူမျိုး (၃)မျိုး၊ (၄)မျိုးခန့်သာ တွေ့ရမည် ဖြစ်ပါကြောင်း၊ တချို့က မြို့/ရွာအမည်၊ မိသားစုမျိုးနွယ်အမည်၊ ဘာသာစကားအမည်ကို အခြေခံပြီး မှားယွင်းသတ်မှတ်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ လူ့အခွင့် အရေးတစ်ခုဖြစ်သော မိမိလူမျိုးအမည်နာမကို ခေါ်ဆိုခွင့်ပြုခြင်း၊ အသိအမှတ်ပြုခြင်းသည် အစိုးရအပေါ် တိုင်းရင်းသားများ၏ယုံကြည်မှု တိုးပွားစေသည့်အပြင် မိမိတို့လိုလားနေသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဟု ယုံကြည် ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ လူဦးရေ သန်းခေါင်စာရင်းကောက်စဉ်က ကုဒ်နံပါတ် (၉၁၄)(အခြား)တွင် ထည့်သွင်းထားသော တိုင်းရင်းသားများ၏အမည်နာမစာရင်းအမှန်ကို ဖော်ပြ ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။