(က)- ကျူးကျော်များအဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအတွင်း ကျူးကျော်များအဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက ကျူးကျော်အဖြစ် သတ်မှတ်ခံရသော မြန်မာ နိုင်ငံသား မိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ထားသည် ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ကျေးလက်တောရွာများမှလည်းကောင်း၊ မြို့ကြီးပြကြီးများမှလည်းကောင်း၊ စားဝတ် နေရေးအတွက် အလုပ်အကိုင်အဆင်မပြေခြင်း၊ မိမိဘဝအတွက် အဆင်ပြေသည့် ရေကြည်ရာ မြက်နုရာအရပ်သို့ သွားရောက်အလုပ်လုပ်ကိုင်နေရသူများ မြောက်မြားစွာရှိပါကြောင်း၊ ထိုသို့ သွား ရောက်လုပ်ကိုင်သူများကို နိုင်ငံရပ်ခြား (သို့မဟုတ်) ပြည်တွင်းတွင် သွားရောကအလုပ်လုပ်ကိုင်သူ များကို ရွှေ့ပြောင်းအလုပ်သမားများဟု ခေါ်ဆိုကြပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်သူများရှိသလို ပြည်တွင်းတွင် အလုပ်လုပ်ကိုင်စားသောက်နေရသူများ မြောက်မြားစွာ ရှိပါ ကြောင်း၊ မိသားစုအလိုက် သွားရောက်လုပ်ကိုင်ကြသူများရှိသလို တစ်ကိုယ်ရေတစ်ကာယ အလုပ် လုပ်ကိုင်စားသောက်နေရသူများ ရှိပါကြောင်း၊ ထိုသူများသည် အိမ်ထောင်ကျပြီး မိသားစုဘဝသို့ ရောက်ရှိကာ မိသားစုလိုက် ပြောင်းရွှေ့လုပ်ကိုင်သူများလည်း ရှိပါကြောင်း၊ ထိုသူများသည် သားသမီး များ ထွန်းကားလျက် အိမ်ထောင်စုများ ဖြစ်လာကြပါကြောင်း၊ ထိုအိမ်ထောင်စုများသည် အိမ်ငှားနေ ထိုင်နိုင်ခြင်းမရှိကြ၍ နေရာလွတ်များ (ဥပမာ- အစိုးရပိုင် မြေလွတ်နေရာများ၊ သစ်တောမြေ)များ တွင် တဲအိမ်ဆောက်နေထိုင်လာကြသူများသည် (၅)နှစ်၊ (၁၀)နှစ်၊ (၁၅)နှစ်အထိ အချိန်ကြာ နေထိုင် ကြသည့်မိသားစုများလည်း ရှိပါကြောင်း၊ ထိုသို့သောမိသားစုများကို ကျူးကျော်များဟူ၍ သတ်မှတ်ခံ ကြရပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းမရှိကြောင်း မဲဆန္ဒရှင် ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် မဲဆန္ဒရှင်များတင်ပြချက်အရ သိရပါကြောင်း၊ ထို့အပြင် ၎င်းတို့၏ကလေးများ ကျောင်းထားရာ၌ ကျောင်းတွင် (၁၀)နှစ်ပြည့် ကလေးမှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ် ရိုက်ရာတွင် အိမ်ထောင်စု စာရင်းမရှိသဖြင့် မှတ်ပုံတင်ရိုက်မပေးကြကြောင်း၊ ၁၀ တန်းရောက်သော်လည်း ရိုက်မရဖြစ်ကြရ သည်ကို တင်ပြလာခြင်းရှိပါကြောင်း၊
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကျူးကျော်များအဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက ကျူးကျော်အဖြစ် သတ်မှတ်ခံရသော မြန်မာ နိုင်ငံသားမိသားစုများအား ဖြေလျှော့နိုင်သည်ကို ဖြေလျှော့၍ အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။