(င)-မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပတ်သက်၍ အများပြည်သူများ အလွယ်တကူသိရှိဆက်သွယ်ဆောင်ရွက် နိုင်သော Complain Centre တစ်ခုထူထောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်အနီးကပ်ထိတွေ့ဆက်ဆံရာ တချို့သောရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုအားနည်းခြင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ မှားယွင်းဆောင်ရွက်နေမှုများ ကြောင့်လည်းကောင်း အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှု များကြောင့်လည်းကောင်း ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုလျော့နည်းလာသလို အချို့ပြည်သူလူထု၏ ဥပဒေအသိပညာ နည်းပါးမှုများနှင့် မဟုတ်မမှန်လုပ်ကြံရေးသားပြောဆိုမှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အထင်အမြင်လွဲမှားပြီး ပြည်သူလူထု၏မကျေနပ်သမျှကို နေ့စဉ်နှင့် အမျှကြားသိနေရပါကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များ ဥပဒေနှင့်မညီဆောင်ရွက်နေမှုများ ပြည်သူလူထုအပေါ် ဥပဒေအရ မိမိလုပ်ပိုင်ခွင့်များကို အသုံးချ၍ အနိုင်ကျင့်နေမှုများ၊ အမှုမဖွင့်၊ အရေးမယူပေးခြင်း၊ ဘက်လိုက်ဆောင်ရွက်နေမှုများရှိနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး အပေါ် ပြည်သူလူထုက အထင်အမြင် သေးခြင်း၊ ရဲတပ်ဖွဲ့ကိုအားကိုးအားထားပြုမှု တဖြည်းဖြည်း လျော့နည်းနေတာကို တွေ့ရှိရပါကြောင်း၊
ပြည်ထဲရေးဝန်ကြီးဌာနအတွင်း၌ ဝန်ထမ်းများအဂတိလိုက်စားမှုကာကွယ်ရန် Correction Prevention Unit များဖွဲ့ကို အဂတိ လိုက်စားမှုများ၊ ဘက်လိုက်မှုမဖြစ်ပွားစေရန် အဓိက ဆောင်ရွက်ချက်များနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ပိုမိုထိရောက်သော လုပ်ဆောင်မှုများဖြင့် ဆောင်ရွက်နိုင်ရန် အထူးလိုအပ်သကဲ့သို့ ရဲတပ်ဖွဲ့တွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း စစ်ဆေးနေခြင်းသည်လည်း ဆန္ဒအဂတိကင်းမှသာလျှင်တပ်ဖွဲ့ဝင်အချင်းချင်း ပိုမိုလေးစားပြီး တပ်ဖွဲ့အပေါ် ပိုမိုယုံကြည်ကြမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရဲတပ်ဖွဲ့တွင် အဂတိကင်းရှင်းစေ ရန်အတွက် ဆောင်ရွက်နေမှုများသည် အမှန်တကယ်တိတိကျကျဆောင်ရွက် နေမှုရှိသကဲ့သို့ ပြည်သူနှင့်တပ်ဖွဲ့ဝင်ကြား ရင်ကြားစေ့ပေါင်းကူးပေးနိုင်ရန် အဆိုပါအဖွဲ့နှင့်အတူ ပူးပေါင်း၍ ထပ်မံပြီး Police Complaints System တည်ဆောက်ပေးနိုင်ရန် တောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင် အတွင်း၌ဖြစ်စေ၊ ရဲတပ်ဖွဲ့ဝင်နှင့်ပြည်သူအတွင်း၌ဖြစ်စေ နစ်နာမှုမရှိစေရန် တိုင်ကြားစာများအပေါ် လက်ခံဖြေရှင်းနိုင်သည့် အဖွဲ့အစည်းတစ်ရပ် မရှိမဖြစ် လိုအပ်နေပါကြောင်း၊ ယခုအခါ အမှုမဖွင့်၊ အရေးမယူပါက တိုင်ကြားနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(နေပြည်တော်) Hot-line၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်(နေပြည်တော်) Hot-line၊ သမ္မတရုံး Hot-line စသည်ဖြင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ စီစဉ်ထားရှိပါသော်လည်း တိုင်ကြားသူများမှာ ဆက်သွယ်ရန်ခက်ခဲသည့်နေရာတွင် တည်ရှိခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်၍မရခြင်း၊ သိရှိနားလည်မှုနည်းပါးခြင်း၊ သိရှိတိုင်ကြားထားသော်လည်း အမှုစစ်ဆေးနေခြင်းမှာ ကြန့်ကြာနေခြင်းတို့ကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက်၊ မလုပ်သင့်၊ မလုပ်ထိုက်သော အလုပ်များလုပ်မိသွားသဖြင့် အမှုအခြေအနေများ ပြောင်းလဲသွားသည်ကိုလည်း များစွာ တွေ့မြင်နေရပါကြောင်း၊ ထို့ကြောင့် ပြည်သူအကြားနှင့် တပ်ဖွဲ့ဝင်အတွင်း၊ တပ်ဖွဲ့ဝင်နှင့် ပြည်သူအကြားဆက်ဆံနိုင်ရန် Complain Centre တစ်ခု ထူထောင်နိုင်ရန်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။