(က)-တွံတေးမြို့နယ်အတွင်းရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနအား အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာသင်တန်းကျောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-02

 

၂၀၀၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားကျန်းမာရေးကော်မတီ၏ အထူးအစည်း အဝေးတွင် ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ HIV၊ AIDS ရောဂါရှိသည့်အကျဉ်းသူများကို ပြုစု စောင့်ရှောက်ပေးရန်ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဦးစီးဌာန၊ အကျဉ်းဦးစီးဌာန ဌာနသုံးခုပေါင်းပြီး အမျိုးသမီး များပြုစုစောင့်ရှောက်ရေးဌာနအမည်ဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အလံအုပ် ကျေးရွာ ကျိုက်ဖူးကျိုက်ပါဘုရားလမ်းပေါ်တွင် အကျဉ်းဦးစီးဌာနကပေးပို့သော အကျဉ်းသူ ၂၅ ဦးနှင့် မိမိတို့ ၅-၁၀-၂၀၀၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းဌာနက အကျဉ်းကျ HIV ရှိ အမျိုးသမီးများ၊ အကျဉ်းသူများ၏ ကျန်းမာပျော်ရွှင်ရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး လက်ခံစောင့်ရှောက်ပေးခဲ့ပါကြောင်း၊ တချို့ကာလများတွင် အကျဉ်းသူ ၂၅၀ ခန့်အထိကို စောင့်ရှောက်ပေးခဲ့ပါကြောင်း၊ ယခုနှစ် ၂၀ နီးပါးကြာသွားသည့်အခါ အဆိုပါဌာနတွင် စောင့်ရှောက်ပေးနေသော အမျိုးသမီးအရေအတွက်က သုံးယောက်သာရှိပါတော့ကြောင်း၊ ၎င်းတို့က ရန်ကုန်မြို့ အမျိုးသမီးသက်မွေးပညာသင်တန်းကျောင်းက ပို့ထားသည့်အမျိုးသမီး လေးများ ဖြစ်ပါကြောင်း၊ ၁၇-၆-၂၀၁၆ ရက်နေ့ကစပြီး အကျဉ်းဦးစီးဌာနကလည်း HIV လူနာရှင် အကျဉ်းသူများကို ပေးပို့သည့်အခြေအနေ မရှိတော့ပါကြောင်း၊ လောလောဆယ်တွင် ၎င်းစခန်းတွင် ဝန်ထမ်း ၂၀ ခန့်ရှိပါကြောင်း၊ ၎င်းတို့၏ပင်မတာဝန်က သင်တန်းသူများ၏ကျန်းမာ ပျော်ရွှင်ရေး၊ ဘဝအာမခံချက်ရှိရေးဖြစ်‌သော်လည်း လောလောဆယ်တွင် အကျဉ်းသူက သုံးယောက်သာရှိပါကြောင်း၊ တခြား လူမှုရေးနှင့် ပတ်သက်သည့်ကိစ္စများ ဝိုင်းဝန်းစောင့်ရှောက် ပေးနေပါကြောင်း၊

တွံတေးမြို့နယ် အလံအုပ်ကျေးရွာ ကျိုက်ဖူးကျိုက်ပါဘုရားလမ်းပေါ်ရှိ အမျိုးသမီးပြုစု စောင့်ရှောက်ရေးဌာနက ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါဌာနကြီးက ဧက ၃၀ ကျော် ရှိပါကြောင်း၊ အဆောက်အအုံများ၏အနေအထားက လူသုံးယောက်သာ ရှိတော့ သည့်အတွက် အလွန်ယိုယွင်းနေသောအနေအထားရှိပါကြောင်း၊ တချို့လည်း နာဂစ်မုန်တိုင်းနှင့် မိသွားသည့်အခါပြိုလဲပြီး ပြန်လည်ပြုပြင်စောင့်ရှောက်နိုင်သောအနေအထားမရှိပါကြောင်း၊ ဘုရားခန်းများ၊ ထမင်းစားဆောင်များ၊ သင်တန်းဆောင်များ၊ ကားဂိုဒေါင်များလည်း ပစ်ထားရ သောအနေအထား ရှိပါကြောင်း၊ တစ်ချိန်က စည်ကားခဲ့ကြောင်း၊ ယခုတောကြီးမြက်မည်းထဲတွင် ချိနဲ့နဲ့ဖြစ်နေပါ ကြောင်း၊ ဝန်ထမ်းအိမ်ရာများကလည်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ ပိတ်နေ သည့်အနေအထားကို မြင်နေရပါကြောင်း၊ မီးစက်က တစ်ခါတလေသာသုံးသည့် အနေအထား ရှိပါကြောင်း၊ မည်သူမျှ သွားလာသုံးစွဲခြင်းမရှိတော့ဘဲ ချုံနွယ်ပိတ်ပေါင်းထဲတွင် ပစ်ထားသော အဆောက်အအုံတစ်ခု ရှိပါကြောင်း၊ သင်တန်းသူများ၏ ယခင်က သင်တန်းခန်းမ၊ ထမင်းစားခန်း များ၊ ဆေးရုံတို့ကို ပစ်ထားရသည်မှာ ကြာပြီဖြစ်ပါကြောင်း၊

မိမိတို့နိုင်ငံတွင် ယခုလောလောဆယ်တွင် ပြန်လည်ထူထောင်နေရပါကြောင်း၊ ပြန်ပြီး အရင်းအမြစ်များကလည်း ရှားပါးနေသည့်အနေအထား ဖြစ်ပါကြောင်း၊ တချို့နေရာများတွင် မြေရှားပါးသည့် အနေအထားများ ရှိပါကြောင်း၊ မိမိတို့က ရည်ရွယ်ချက်ကောင်းကောင်းဖြင့် လုပ်ခဲ့သော်လည်း ယခုအခြေအနေတွင် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှု မရှိတော့သည့် အနေအထား ဖြစ်နေပါကြောင်း၊ သင်တန်းသူ သုံးယောက်၊ ဝန်ထမ်းက ၂၀ ခန့်ရှိပါကြောင်း၊ ၎င်းဌာနကို ပြန်ပြီးလုပ်ရန်အခြေအနေက မရှိတော့သည့်အတွက် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရန်ကုန်တောင်ပိုင်းခရိုင်ဖြစ်ဖြစ်၊ တစ်ပြည်လုံး ကဖြစ်ဖြစ် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးပညာသင်တန်း ကျောင်းမျိုး အဖြစ်ပြောင်းလဲပြီး ဖွင့်ပေးရန် အတွက် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။