(ဃ)-ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ တည်ဆောက်ရေးလုပ်ငန်းများတွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိ၍အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ အတွင်းခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက် နိုင်ခြင်းမရှိ၍ ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ပြန်လည်ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်သူ့အစိုးရသစ်လက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန တည်ဆောက်ရေး လုပ်ငန်းပေါင်း ၅၂၁၄ ခုအတွက် ကျပ် ၄၈၃.၄ ဘီလီယံကျော်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တည်ဆောက်ရေးလုပ်ငန်း ၁၈၆၈ ခု အတွက် ကျပ် ၂၈၂.၅ ဘီလီယံကျော် ခွင့်ပြုခဲ့ပါကြောင်း၊ ဖော်ပြပါ ပညာရေးဝန်ကြီးဌာန တည်ဆောက်ရေး ခွင့်ပြုငွေများထဲမှ အခြေခံ ပညာဦးစီးဌာန လုပ်ငန်း ၅၁၃၈ ခုရှိရာ ၃၁-၈-၂၀၁၉ ရက်နေ့အထိ ၁၀၀ ရာခိုင်နှုန်းပြီးစီးသည့် လုပ်ငန်း ၁၀၀၃ ခုသာရှိပြီး လုပ်ငန်းပေါင်း ၄၀၀၀ ကျော်သည် ဆောက်လက်စလုပ်ငန်းများအဖြစ် ရပ်တန့်နေပြီး သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲနိုင်သည့် ငွေကြေးများကို ဘဏ္ဍာရေး စည်းမျဉ်းအရ နိုင်ငံတော်ကို ပြန်လည်အပ်နှံခဲ့ရပါကြောင်း၊ အလားတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင်လည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်း များနှင့် ငွေကြေးများကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ရပြီး မြေပြင်တွင်တည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ကို တွေ့မြင်နေရပါကြောင်း၊
ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် လုပ်ငန်းပေါင်း ၅၈၉ ခု ရှိသည့် အနက် ၅၅၈ ခု၊ မကွေးတိုင်းဒေသကြီးတွင် လုပ်ငန်းပေါင်း ၄၅၇ ခုရှိသည့်အနက် ၃၆၁ ခု ၊ မန္တလေး တိုင်းဒေသကြီးတွင် လုပ်ငန်းပေါင်း ၅၃၈ ခုအနက် ၃၇၅ ခုကို ပြန်လည်အပ်နှံခဲ့ရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆၇၂ ခုအနက် ၆၆၂ ခုကို ပြန်လည်အပ်နှံခဲ့ရပြီး အဆိုးဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် လုပ်ငန်းပေါင်း ၅၀၃ ခုအနက် ၁၂ ခုသာ ပြန်လည် အပ်နှံခဲ့ရပြီး အကောင်းဆုံးပြည်နယ်ဖြစ်ခဲ့ပါကြောင်း၊
ကျန်းမာရေးနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းပေါင်း ၄၈ ခုကို ပြန်လည် အပ်နှံခဲ့ရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနများ၏ တည်ဆောက်ဆဲလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်နှင့် တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းမရှိခြင်းသည် ကျောင်းသူကျောင်းသားများကို လုံလောက်သည့်စာသင်ခန်းများနှင့် သင်ကြားသင်ယူမှုမပြုလုပ်နိုင်သည့်အတွက် သင်ကြားတတ်မြောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲ မှုကို များစွာထိခိုက်စေပါကြောင်း၊ ထို့အပြင် အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှုနှင့် တိုင်းပြည်၏ ဘဏ္ဍာငွေများ လှည့်ပတ်စီးဆင်းမှုကို ဟန်ချက်ပျက်ယွင်းစေကာ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို တုံ့နှေးစေပြီး တိုင်းပြည်နှင့် ပြည်သူအတွက် လွန်စွာနစ်နာဆုံးရှုံးမှုများ ဖြစ်စေပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ပွင့်လင်းရာသီ ခြောက်သွေ့ရာသီတွင် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ဘတ်ဂျက်ကာလ ပြောင်းလဲခဲ့ရသည့် ရည်ရွယ်ချက်များ ပျက်စီးရပြီး ဥပဓိကိုလည်း အလွန်ထိခိုက်စေကာ ပုံပျက်ပန်းပျက်ဖြစ်စေပါကြောင်း၊ ဖော်ပြပါ အကျိုး သက်ရောက်မှုများကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ သတိမူကြစေရန်နှင့် ပညာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုင်ငံတော်ကို ပြန်အပ်ခဲ့ရသည့် တည်ဆောက် ရေးလုပ်ငန်းငွေကြေးများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီအပြီးသတ်နိုင်ရေး ပြန်လည် ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။