(ဆ)-မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၆-၂၀၁၇ တွင် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ်၏ အခန်းသုံးခန်းသည် ယခုအက်ကွဲလာသဖြင့် မည်သို့ဆောင်ရွက်ပေးမည်နှင့် ဆောက်လုပ်ခဲ့သောကုမ္ပဏီအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

 

မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက် လုပ်ခဲ့သည့် (၉၀x၃၀)ပေ RC (၁)ထပ်ကျောင်းဆောင်သစ်၏ အခန်းသုံးခန်းသည် ယခု အက်ကွဲ လာသဖြင့် မည်သို့ထပ်မံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် ထိုသို့ စံချိန်မမီဆောက်လုပ်ခဲ့သော ကုမ္ပဏီအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း


ယခုမေးခွန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မေးမြန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ မေးခွန်းမေးမြန်းရခြင်း အကြောင်းအရင်းမှာ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (၉၀x၃၀) ပေ RC တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ပြည်ကြီးမွန်ကုမ္ပဏီက ဆောက်လုပ်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဋ္ဌမတန်း ကျောင်းသားကျောင်းသူများအား ထိုအဆောင်တွင် စာသင်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းဆောင်သစ်သည် တစ်နှစ်စာသင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ၎င်းကျောင်းဆောင်သစ်သည် ပြိုကွဲပျက်စီးလာသည့်အတွက် အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ်သတ်မှတ်ပြီး ကျောင်းသားကျောင်းသူများသည် အခြားကျောင်းဆောင်သို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊ မြို့နယ်ပညာရေးမှူးကြီးနှင့် ကျောင်းအုပ်ကြီးက မိမိအား ခေါ်ယူ ပြသခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပျက်စီးသွားခြင်း ဖြစ်ပါကြောင်း၊ အန္တရာယ်ရှိသည်ကို သိစေလို၍ ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြုပြင်ပြီးပါကြောင်း၊ ၎င်းကျောင်းဆောင်သည် ၃၀ ပေ အခန်းသုံးခန်း ရှိပါကြောင်း၊ တစ်ခန်းခွဲ ပြုပြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ထားပြီးဖြစ်သော်လည်း ပြုပြင်ထားသည့် အခန်းသည် မူလအခန်းများနှင့်ယှဉ်သော် ရေပြင်ညီမျဉ်းနှင့် တိုင်းထွာကြည့် လိုက်သည့်အခါတွင် ခြောက်လက်မနိမ့်ကျနေသေးသည်ကို တွေ့ရပါကြောင်း၊
ကျောင်းဆောင်သစ်သည် ၂၀၁၆-၂၀၁၇ ဘတ်ဂျက်တွင် ဆောက်ခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပျက်စီးခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ရပါကြောင်း၊ ကလေးများ အန္တရာယ်ရှိသဖြင့်ပြောင်းခဲ့ရကြောင်း၊ ကျောင်းခန်း နေရာအခက်အခဲကြုံရပါကြောင်း၊ အထက်တွင် မိမိမေးမြန်းခဲ့သည်က ၎င်းကုမ္ပဏီအား မည်သို့အရေးယူမည်နှင့် မည်သို့ဆက်လက် ဆောင်ရွက်ပေးမည်ဆိုသည်ကိုမေးမြန်းခဲ့ပါကြောင်း၊ ပြန်လည်ပြုပြင်ပြီးသွားပါကြောင်း၊ အားရကျေ နပ်မှုရှိသည်ကိုကြားရပါကြောင်း၊ သို့သော် ၎င်းအဆောင်သည် အန္တရာယ်မရှိနိုင်တော့ပါဟု မည်သူမျှ အာမမခံရဲပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တစ်ခြမ်းသာလျှင်ပြင်ထားသောကြောင့် ဖြစ်ပါကြောင်း၊ ထို့နောက် ၎င်းကလေးများနေ၍ စာသင်ဆောင်ဖြစ်ပါကြောင်း၊ ပစ္စည်းများထားမည့် ဂိုဒေါင်မဟုတ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကုမ္ပဏီအား မည်သို့အရေးယူပေးမည်နည်း၊  အန္တရာယ် မရှိကြောင်း အာမခံမည်နည်း၊ ကျန်တစ်ခြမ်း ပျက်စီးသွားပါက မည်သို့ဆက်လက် ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါ ကြောင်းမေးမြန်းပါသည်။