(ခ)-မတူပီ-ပလက်ဝကားလမ်းမှ ကျန်ရှိသော (၃၁)မိုင် လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ချင်းပြည်နယ်သည် တောင်ကုန်တောင်တန်းများပေါများသည့်အတွက် တစ်နေရာမှ တစ်နေရာ ရာသီမရွေးဆက်သွယ်သွားလာနိုင်ရန် ယခုချိန်အထိ အလွန်ခက်ခဲနေဆဲ ဖြစ်ပါကြောင်း၊ အထူး သဖြင့် မိမိ၏မဲဆန္ဒနယ်ဖြစ်သည့်ပလက်ဝမြို့နယ်သည် မြို့နယ်အတွင်း တစ်နေရာမှတစ်နေရာသို့ ဆက်သွယ်သွားလာသည့်အခါ၌သော်လည်းကောင်း၊ မိမိတို့ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ် များနှင့် ပြည်မဒေသများသို့ ဆက်သွယ်သွားလာသည့်အခါ၌သော်လည်းကောင်း အင်မတန်မှခက်ခဲ သည့် အခြေအနေတွင်ရှိပါကြောင်း၊ ဥပမာအားဖြင့် ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအနေဖြင့် ပလက်ဝမြို့မှ မိမိတို့ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ကို သွားမည်ဆိုလျှင် ပုံမှန်အားဖြင့် ပလက်ဝ-ကျောက်တော်-စစ်တွေ၊ စစ်တွေ-ရန်ကုန်-နေပြည်တော် ထိုမှတစ်ဆင့် မန္တလေး-ဂန့်ဂေါ-ဟားခါး စသည်ဖြင့် အဆင့်ဆင့်ဖြတ်သန်းသွားလာကြရပါကြောင်း၊ နောက်လမ်းကြောင်း တစ်ခုက ပလက်ဝ-ကျောက်တော်၊ ကျောက်တော်မှအမ်းမြို့ကိုဖြတ်ပြီး နေပြည်တော်-မန္တလေး-ဂန့်ဂေါ-ဟားခါး စသည့်လမ်းကြောင်းအတိုင်း သွားလာကြရသည့် အခြေအနေ ဖြစ်ပါကြောင်း၊
ယခုအခါ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့့်် ပြည်နယ်အတွင်း တစ်နေရာမှတစ်နေရာ အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်အောင် ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံး ကျီးခါးမြို့မှ တောင်ပိုင်းအစွန်ဆုံး ပလက်ဝမြို့အထိ ကားလမ်းဖောက်လုပ်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါလမ်းကြောင်းမှ မတူပီ-ပလက်ဝလမ်းသည် မိုင် (၁၃၀) ကျော် ရှည်လျားပြီး မင်းတပ်ခရိုင်လမ်းဦးစီးမှ (၂၇/၃) မိုင် လမ်းအထူးအဖွဲ့ ၁၂ မှ (၃၂/၄) မိုင် စုစုပေါင်း (၅၉/၇) မိုင် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်းစသဖြင့် အပိုင်းလိုက် အသီးသီးတာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျောက်ချောလမ်း (၄၀) မိုင်ကို ဆောင်ရွက်ရန် လျာထားပြီးဖြစ်သည့်အတွက် နောက်ထပ်ကျောက်ချော လမ်းဆောင်ရွက်ရန်(၃၁)မိုင် ကျန်ရှိနေ သေးကြောင်း သိရှိရပါကြောင်း၊ မတူပီမြို့သည် ယခုအခါ ခရိုင်အဆင့်ရုံးစိုက်ရာမြို့ဖြစ်လာသည့် အတွက် ပလက်ဝမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများသည် မတူပီမြို့နှင့် ဆက်သွယ် သွားလာရန် ယခုထက်ပိုမိုလိုအပ်လာသည့်အခြေအနေဖြစ်သည့်အပြင် မတူပီမြို့မှတစ်ဆင့် ဟားခါးမြို့နှင့် အခြားမြို့များသို့လည်း ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မတူမြို့နှင့် ထိုမှတစ်ဆင့် ပြည်နယ်အတွင်း အခြားမြို့နယ်များသို့ အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်ရန်အတွက် မတူပီ-ပလက်ဝကားလမ်းမှ ကျန်ရှိသော မြေသားလမ်း(၃၁)မိုင် လမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။