(ခ)-ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အဦအသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိ ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေကွက်အား ညှိနှိုင်းဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02


ကချင်ပြည်နယ်တရားလွှတ်တော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်တွင်တည်ရှိပြီး အလျား ၂၉၀ ပေ၊ အနံ ၂၇၀ ပေ  ၁.၇၆၈ ဧက ရှိပါကြောင်း၊ အဆိုပါတရားလွှတ်တော်ရုံးဝင်းအတွင်း၌ ကချင်ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်တရားရုံး၊ မြစ်ကြီးနားမြို့နယ်တရားရုံးတို့ တည်ရှိ နေပြီး ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး တရားခွင်သုံးရုံး၊ မြစ်ကြီးနားခရိုင် တရား သူကြီး တရားခွင်သုံးရုံး၊ မြစ်ကြီးနားမြို့နယ် တရားသူကြီး တရားခွင်လေးရုံးတို့ တည်ရှိနေပါကြောင်း၊ ၎င်းအပြင် အမှုတွဲခန်းများ အစည်းအဝေးခန်းမဆောင်တစ်ဆောင်၊ တရားရုံး အချုပ်ခန်းတစ်ဆောင်၊ ကားရပ်နားဆောင် တစ်ဆောင်၊ ရှေ့နေများနားနေဆောင်တစ်ဆောင်တို့ကိုလည်း ဆောက်လုပ် ထားပြီး သက်ဆိုင်ရာတရားရုံးတော်အသီးသီး၏ ပြစ်မှု၊ ရာဇဝတ်မှုများမှ ထိန်းသိမ်းထားရသော သက်သေခံပစ္စည်း မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် အခြားသက်သေခံပစ္စည်းများ ကိုလည်း အဆိုပါ တရားရုံးတော်ရုံးဝင်းအတွင်း၌ ပြည့်နှက်စွာထားရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊
ကချင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း၌ ဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း  ၁၈ ဦး၊ အမှုထမ်း ၇၃ ဦး စုစုပေါင်း အရာထမ်း၊ အမှုထမ်းပေါင်း ၉၁ ဦး တာဝန်ထမ်းဆောင်လျက် ရှိနေပြီး တစ်နှစ်အတွင်း အမှုပေါင်း ၆၀၀၀ ကျော်မှ အမှုသည်များ၊ တရားခံ၊ တရားလိုများ၊ ရှေ့နေ၊ ရှေ့ရပ်များသည် တရားလွှတ်တော်ရုံးဝင်းကျဉ်းကျဉ်းလေးထဲ၌ ခက်ခက်ခဲခဲသွားလာလျက် တရား ရေးတာဝန်များနှင့် အမှုများရင်ဆိုင်ဆောင်ရွက်နေကြသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်ရ ပါကြောင်း၊ ၎င်းအပြင် ကချင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦသည် ဟောင်းနွမ်းဆွေးမြည့် နေသည့် အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေရှိ တစ်ထပ်အဆောက်အဦသာဖြစ်၍ တာဝန်ထမ်းဆောင် နေသည့် တရားရေးဝန်ထမ်းများနေရာကျဉ်းကြပ်နေသည့်အတွက် ခေတ်မီသောအဆောက်အဦ အသစ်တည်ဆောက်နိုင်ရန်အတွက် မြေနေရာသစ်လိုအပ်လျက်ရှိနေသည်ကို တွေ့မြင်ရပါကြောင်း၊
ကချင်ပြည်နယ် တရားလွှတ်တော်သည် ကချင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်နှင့် ခရိုင်ပေါင်း လေးခရိုင်တို့ရှိ ပြစ်မှု၊ တရားမမှုများ၏ မူလအမှုများ၊ ပြစ်မှု၊ တရားမမှုများ၏ ပြင်ဆင်မှု၊ အယူခံမှု များအားလုံးကို လက်ခံဆောင်ရွက်ပေးနေသော တရားရုံးတော်ကြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်မီသောအဆောက်အဦ၊ ခေတ်မီသောတရားခွင်များဖြင့် ပြည်သူလူထု၏အကျိုးကို ပို၍ပို၍ မှန်မှန်ကန်ကန်ပွင့်လင်းမြင်သာမှုရှိစွာ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိ နေပါကြောင်း၊
သို့ဖြစ်ပါ၍ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အဦအသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိရေးအတွက် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ပိုင်မြေဖြစ်သော ကွင်းအမှတ်(၄)၊ ယောရင်ကွင်းအတွင်း ၆၀.၉၂ ဧရိယာဧကထဲမှ အလျား ၂၀၀ ပေ၊ အနံ ၇၀၀ ပေ စုစုပေါင်းဧရိယာ ၃.၂၂၄ ဧကရှိ မြေကွက်အလွတ်အား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါ သည်။