(ဂ)-ဝန်းသိုမြို့နယ်၊ တောင်ကုတ်ကျေးရွာအုပ်စု၊ ကျောက်ပါးစပ်ကျေးရွာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-02


ဝန်းသိုမြို့နယ်တွင် ပြည်ထဲရေးအမည်ပေါက် ကျေးရွာပေါင်း ၁၇၉ ရွာရှိပြီး ယခုမေးခွန်းတွင် ပါဝင်သော ကျောက်ပါးစပ်ကျေးရွာအပါအဝင်ဆိုပါက ရွာပေါင်း ၁၈၀ ရှိမည်ဖြစ်ပါကြောင်း၊  ကျောက် ပါးစပ်ကျေးရွာသည် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများကို အမှီပြုပြီး ပေါ်လာသည့် ရွာတစ်ရွာ ဖြစ်ပြီး အဆိုပါ ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းကို လွတ်လပ်ရေးမရခင်ခေတ်ကပင် စတင်၍ ယနေ့အထိ လုပ်ကိုင်နေကြဆဲဖြစ်ပါကြောင်း၊ ၁၉၉၀-၁၉၉၁ ခုနှစ်လောက်ခန့်စတင်၍ လူများ စတင်အခြေချ နေထိုင်လာခဲ့ပြီး ယခုဆိုလျှင် ရွာ၏ အခြေကျမှုသည် နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျောက်ပါးစပ်ကျေးရွာတွင် ယခုလက်ရှိ အိမ်ခြေ ၃၁၇ အိမ်၊ လူဦးရေ ၁၂၁၉ ဦး အခြေချနေ ထိုင်လျက်ရှိပြီး စေတီ၊ ဘုရား၊ ကျောင်းကန်များနှင့်ပြည့်စုံသည့် အခြေကျရွာကြီးတစ်ရွာဖြစ် နေပါကြောင်း၊  ကျောက်ပါးစပ်ကျေးရွာတွင် ကျောင်းသားဦးရေ ၂၄၂ ဦး ပညာသင်ကြားနေသည့် အလယ်တန်းကျောင်းခွဲတစ်ခုနှင့် ရဲကင်းတစ်ခုရှိသည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အားမီးလင်းရေးစီမံကိန်းနှင့် ဆောင်ရွက်ထားသည့် မီးလင်းရေးကိစ္စများလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ များတွင်လည်း တောင်ကုန်းအုပ်စုမဲရုံသည် ကျောက်ပါးစပ်ကျေးရွာတွင် ဖွင့်လှစ်ပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့ ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျောက်ပါးစပ်ကျေးရွာရှိ မိဘပြည်သူများ လူထု တွေ့ဆုံပွဲလုပ်များပြုလုပ်သည့် အကြိမ်တိုင်း ကျောက်ပါးစပ်ကျေးရွာသည် တရားဝင်အသိ အမှတ်ပြုသည့် ကျေးရွာမဟုတ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြတောင်းဆိုရာတွင် အခက်အခဲရှိနေကြောင်းနှင့် တရားဝင်အသိအမှတ်ပြုကျေးရွာရရှိရေးအတွက် ၂၀၁၀ ခုနှစ်ကပင် စတင်ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး များမှ ဆောင်ရွက်ပေးပါရန် အကြိမ်ကြိမ်တင်ပြခဲ့ကြပါကြောင်း၊  
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ကုန်းအုပ်စု၊ ကျောက်ပါးစပ် ကျေးရွာအား ပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။