(ဃ)-ဖလမ်းမြို့နယ်၊ သီးဆင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်းကို ဒေသခံပြည်သူများ၏ အခေါ်အဝေါ် ကိုက်ညီသော ဗားလုံ(Valung) ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ သီးဆင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်းသည် ၁၉၄၅-၁၉၄၆ ခုနှစ်တွင် ဗိုလ်တဲဆောက်လုပ်ပြီး ၎င်းဗိုလ်တဲအနီးပတ်ဝန်းကျင်တွင် ဝါးတောများထူထပ်စွာ ပေါက်ရောက် သည့်အတွက်(Bamboo Camp)ဟု ခေါ်ဝေါ်ခဲ့ကြပါကြောင်း၊ ၁၉၅၀ ခုနှစ်တွင် ထို(Bamboo Camp) အနီးတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါး သီတင်းသုံးနေထိုင်ခဲ့ပြီး ထို ဘုန်းကြီးမှ ဝေဠုဝန်စခန်းဟု ခေါ်တွင်ခဲ့ပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အစိုးရစိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးခြံအဖြစ်သတ်မှတ် လုပ်ဆောင်ခဲ့ပြီး ဝေဠုဝန်စခန်း စိုက်ပျိုးရေးခြံဟု ခေါ်ဝေါ်ခဲ့ကြပါကြောင်း၊ သို့သော်ဒေသခံ ချင်းတိုင်း ရင်းသားပြည်သူများသည် ယခင်အချိန်ကတည်းက ဗားလုံငှက်မျိုးများပေါများစွာ တွေ့ရသော နေရာ ဖြစ်သည်ကိုအစွဲပြု၍ ဝေဠုဝန်စခန်းအား ဗားလုံကျေးရွာအဖြစ်သာ မှည့်ခေါ်နေထိုင်ခဲ့ကြပါကြောင်း၊ အစိုးရဌာနများဖြစ်သော ပညာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်ဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးဌာနများမှလည်း ဒေသခံပြည်သူများ၏ အခေါ်အဝေါ်ဖြစ်သော ဗားလုံကျေးရွာအဖြစ် သာ အမည်ပေါက် စာရင်း တင်သွင်းခေါ်ဝေါ်ခဲ့ကြပါကြောင်း၊
ဖလမ်းမြို့နယ်အတွင်းရှိ ချင်းတိုင်းရင်းသားဒေသခံများကလည်း ဗားလုံကျေးရွာအဖြစ်သာ ခေတ် အဆက်ဆက်အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပြီး ကျေးရွာလူထုမှလည်း ဝေဠုဝန်စခန်းမှ ဗားလုံကျေးရွာ အမည်ပေါက်တရားစင်ပြန်လည်ပြောင်းလဲပြင်ဆင်ပေးရန် ကျေးရွာလူထုမှ လက်မှတ်ထိုးပြီး ချင်းပြည် နယ်အစိုးရထံသို့ တင်ပြတောင်းခံခဲ့ကြပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ သီးဆင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်းအား ဒေသ အခေါ် အဝေါ်ဖြစ်သော ဗားလုံ(Valung) ကျေးရွာအဖြစ်အမည်ပြောင်းလဲပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။